လွှတ်တော်များ ဟန်ချက်ပျက်နေသည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌပြောကြား

ပါတီတစ်ခုတည်းကသာ လွှမ်းမိုးထားသည့် အတွက် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်များသည် ဟန်ချက်ပျက်နေသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန်ပြောကြားလိုက်သည်။
 
အောင်တိုဘာလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
 
`ဒီနေ့ လွှတ်တော်တွေကို ပြန်ကြည့်လို့ရှိရင် အထူးသဖြင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်မှာ ဟန်ချက်မရှိတော့ပါဘူး။ တစ်ပါတီထဲက၊ တစ်ဖွဲ့ထဲက လွှမ်းမိုးထားတဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အဆုံးအဖြတ်တွေဟာ ဖြစ်မလာဘဲနဲ့ ပါတီတစ်ခုရဲ့ လိုလားချက်အတိုင်း သွားနေတာတွေ့ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသား လွှတ်တော်နေရာကို ၀င်ပြိုင်တယ်ဆိုတာ အဲဒီဟန်ချက်ပျက်နေတဲ့ လွှတ်တော်ကို တစ်နေရာရလည်း တစ်နေရာ ကျွန်တော်တို့ဝင်ပြီး ထိန်းဖို့ရည်ရွယ်ချက်နဲ့ ၀င်ပြိုင်ခြင်းဖြစ်တယ်လို့ တင်ပြချင်ပါတယ်` ဟု ဦးသန်းဌေးက ပြောကြားသည်။
 
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသည် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံရေးကာလ လူထုတွေ့ဆုံပွဲများတွင် အာဏာရပါတီ၊ အစိုးရအပေါ် ဝေဖန်ပြောကြားမှုများကို ခပ်စိတ်စိတ် ပြုလုပ်လာသည်ကို တွေ့လာရသည်။
 
ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကိုင်တိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့တွင် ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင်လည်း ဦးသန်းဌေးက လက်ရှိ NLD အစိုးရ၏ ၂ နှစ်ကျော်ကာအတွင်း၌ အများပြည်သူ ယုံကြည်အောင် အောင်မြင်သည့် အလုပ် လက်ညိုးထိုးပြရန် မရှိသေးဟု ဝေဖန်ပြောကြားထားသည်။
 
ထို့သို့အတိုက်အခံပါတီ၏ ဝေဖန်ပြောကြားမှုများနှင့် ပတ်သက်ပြီး အာဏာရ NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က `ဒါကတော့ သူတို့အနေနဲ့ အတိုက်အခံသဘောမျိုး ဝေဖန်တာပါ။ ကျွန်တော်တို့က ကျွန်တော်တို့လုပ်ခဲ့တာတွေကို ပြည်သူတွေ နားလည် သဘောပေါက်အောင် ရှင်းပြရမှာ ကျွန်တော်တို့ရဲ့ တာဝန်ပါ။ အဆုံးအဖြတ်ပေးမှာကတော့ ပြည်သူကသာ အဓိကပါ` ဟု The Ladies News သို့ပြောကြားသည်။
 
ယနေ့ ဦးသန်းဌေး လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည့် မြစ်ကြီးနားမြို့သည် လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ဖြစ်ပြီး ပြည်ခိုင်းဖြိုးပါတီမှ ဦးဆီဟူးဒွေ့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 
 

 

Vote: 
No votes yet

Add new comment