မခွဲထွက်ရေးကိစ္စကို လေးလေးနက်နက် ဆက်လက်ဆွေးနွေးမည်ဟု ထိပ်သီးအစည်းအဝေးဆုံးဖြတ်

အစိုးရ၊ တပ်မတော်နှင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်းများ အစည်းအဝေးတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စကို လေးလေးနက်နက် ဆက်လက်ဆွေးနွေးမည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက The Ladies News သို့ ပြောကြားသည်။
 
မခွဲထွက်ရကို ထည့်သွင်းလိုသည့် အစိုးရ၊ တပ်မတော်ဘက်မှရော၊ မခွဲထွက်ရကို ထည့်သွင်းစရာ မလိုဘူးဟုဆိုသည့် တိုင်းရင်းသား လက်နက်ကိုင်များဘက်ကရော နှစ်ဖက်စလုံးအနေဖြင့် ဘာကြောင့် ဆိုသည့် အကြောင်းပြချက် ခိုင်ခိုင်လုံလုံပေးရန် လိုသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
 
`ဒီကိစ္စကို မဆွေးနွေးဘူးဆိုပြီး EAO ဘက်က ပြောတာကို အခုကျတော့ အဲဒါပျက်သွားတယ်။ ဆွေးနွေးမယ်၊ ဒီကိစ္စကို လေးလေးနက်နက် ဆွေးနွေးမယ် အဲဒီလိုမျိုးဖြစ်သွားတယ်။ အဲဒါတော့ ကောင်းတဲ့အချက်ပါပဲ။ ဆက်လက်ဆွေးနွေးမယ် အဖြေရတဲ့အထိ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတော့ ရန်ဖြစ်တာမဟုတ်ပဲနဲ့ ဆွေးနွေးပြီးတော့ တူညီတဲ့ဟာ ထွက်လာအာင်လုပ်မယ်` ဟု ၄င်းကပြောကြားသည်။
 
အစည်းအဝေး၏ အဖွင့်မိန့်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်သည့် ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုကြီး ဖြစ်အောင် အားလုံး လက်တွဲပူးပေါင်းပြီး အကောင်အထည် ဖေါ်ရန်မှာလည်း အရေးကြီးသည်ဟု ပြောကြားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း မခွဲထွက်ရဆိုသည့် စကားရပ်သည် ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ် လိုအပ်သည့် စကားရပ်တစ်ခု အာမခံချက်တစ်ခု ဖြစ်သည်ဟု ဆိုသည်။
 
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးကတော့ ဖက်ဒရယ်မူကို ရှာဖွေသည့်နေရာတွင် ခွဲထွက်ရေး၊ မခွဲထွက်ရေးဆိုသည့် ကိစ္စမျိုးဖြင့် ဆက်စပ်ထားစရာ မလိုကြောင်း ပြောကြားခဲ့သည်။
 
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာပင်လုံ ဒုတိယ အစည်းအဝေးနှင့် တတိယ အစည်းအဝေးများအပြီးတွင် နိုင်ငံရေးဆွေးနွေးပွဲများမှ သဘောတူညီချက်ပေါင်း ၅၁ ချက်ရရှိခဲ့ပေမယ့် မခွဲထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မည်သည့် သဘောတူညီချက်မှ မရရှိခဲ့ပေ။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment