အီတလီသတင်းစာရဲ့ CR.5.5 လို့ အမည်တပ် လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့ စီရိုနယ်လ်ဒို

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပါးမား အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နိုင်ပွဲဆက်နိုင်ခဲ့ပေမယ့်လည်း ရီးရဲလ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ စီရိုနယ်လ်ဒိုဟာ အီတလီ ကလပ်အတွက် ပွဲစဉ်တိုင်းလိုလိုမှာ အချိန်ပြည့် ပါဝင်ကစားထားပေမယ့် ယခုလက်ရှိအချိန်ထိ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ရပါတယ်။
 
စီရိုနယ်လ်ဒိုဟာ ရီးရဲလ်အသင်းမှာ ၁ ရာသီ ပျမ်းမျှ ဂိုး ၅၀ အထိ သွင်းယူထားနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတွေ ပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း လက်ရှိ အီတလီမြေမှာတော့ ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်အထိ ဂိုးကန်သွင်းမှု ၂၃ ကြိမ်ရှိခဲ့ပေမယ့်လည်း ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းတော့ မရှိသေးပါဘူး။
 
ဒါ့ကြောင့် ယနေ့ထုတ် အီတလီ အားကစားသတင်းစာ Corriere dello ကတော့ စီရိုနယ်လ်ဒိုအမည်ကို CR.5.5 လို့ ပြောင်းလဲဖော်ပြသွားခဲ့ပြီး သတင်းခေါင်းကြီးပိုင်းမှာ လှောင်ပြောင်ရေးသားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ CR.5.5 ဆိုတဲ့ အမည်ဟာ စီရိုနယ်လ်ဒို ရရှိခဲ့တဲ့ ရွှေဖိနပ် ၅ ဆုကို ဖော်ညွှန်းထားတာလည်း မဟုတ်သလို အကောင်းဆုံး ကစားသမား ၅ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ အတွက် အမည်ပေးထားတာ လည်းမဟုတ်ဘဲ ကစားသမားတွေရဲ့ ခြေစွမ်းပြမှုကို အပတ်စဉ် အဆင့် သတ်မှတ်ပေးနေတဲ့ Football Fantasy Game မှာ စီရိုနယ်လ်ဒိုရရှိခဲ့တဲ့ Rating ပမာဏ (5.5) ကို ကိုယ်စားပြုခဲ့တာလည်း ဖြစ်ပါတယ်။
 
ဂျူဗင်တပ်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ဖာရဲရားကလည်း အီတလီမြေဟာ စပိန်မြေနဲ့ ကွာခြားသလို အီတလီအသင်းတွေရဲ့ ကစားပုံ နည်းစနစ်တွေဟာလည်း စပိန်မြေနဲ့ များစွာကွာခြားလွန်း တာကြောင့် ရိုနယ်လ်ဒိုအနေနဲ့ အီတလီမှာ တရာသီ ဂိုး ၃၀ လောက် သာ အများဆုံး သွင်းယူနိုင်လိမ့်မယ်လို့ ထောက်ပြပြောကြား သွားခဲ့ပါတယ်။
 
“အီတလီမှာ ရိုနယ်လ်ဒိုအနေနဲ့ တရာသီ ဂိုး ၃၀ လောက်ပဲအများဆုံး သွင်းနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အီတလီဟာ စပိန်နဲ့ ကွာခြား သလို၊ အသင်းတွေဟာလည်း စပိန်အသင်းတွေရဲ့ ကစားပုံတွေနဲ့ များစွာ ကွာခြားပါတယ်။ သေချာတာတခုကတော့ ရီးရဲလ်မှာ သွင်းနိုင်ခဲ့တဲ့ ဂိုးတွေလောက် သွင်းနိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။ အီတလီအသင်းတွေ ဟာ ခံစစ်ကောင်းမွန်ကြပြီး မာကျောကြပါတယ်။ နောက်ပြီး နည်းစနစ်ပိုင်း ကလည်း စပိန်အသင်းတွေနဲ့ များစွာကွာခြားပါတယ်။ ဒါ့ကြောင့်လည်း အသင်းလေးတွေတောင်မှ အသင်းကြီးတွေကို စုစုစည်းစည်းနဲ့ ယှဉ်ပြိုင်ကစားနိုင်ကြပါတယ်“ လို့ ဖာရဲရားက ၄င်းရဲ့ အမြင်ကို ထောက်ပြပြောဆိုသွားခဲ့ပါတယ်။
 
စီရိုနယ်လ်ဒိုဟာ လက်ရှိအချိန်မှာတော့ အနားယူရင်း လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီး နိုင်ငံပွဲစဉ်အပြီးမှာ ယှဉ်ပြိုင်ကစားရမယ့် ဆာဆူအိုလို အသင်းနဲ့ ပွဲစဉ်မှာ ပထမဆုံး ဂိုး သွင်းယူနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment