ဂျူဗင်တပ်ကို ပြောင်းရွှေ့ရခြင်းအပေါ် သူ့အပေါ် နားလည်ပေးကြပါလို့ ရီးရဲလ်ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ စီရိုနယ်လ်ဒို

ကမ္ဘာ့အကောင်းဆုံးဆု (၅) ဆုရှင် စီရိုနယ်လ်ဒိုဟာ ရီးရဲလ်အသင်းကနေ ဂျူဗင်တပ်အသင်းကို တရားဝင်ပြောင်းရွှေ့ဖို့ ယူရို ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဂျူဗင်တပ်တို့ဟာ အဆိုပါ ကစားသမားကို တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၃၀ နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။
 
စီရိုနယ်လ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး အသင်းအတွက် ၄၃၈ ပွဲအထိ ပါဝင်ကစားခွင့် ရရှိခဲ့ကာ ၄၅၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဆုဖလားပေါင်း ၁၆ ခုကို ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရီးရဲလ်တို့ ချန်ပီယံလိဂ်ဖလားကြီးကို ၃ နှစ်ဆက် ကိုင်မြှောက်ခွင့်ရရှိစေဖို့ အဓိက နေရာက ပါဝင်ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
 
မကြာခင်မှာ ဘာနေဗျူးကို စွန့်ခွာရတော့မယ့် ရိုနယ်လ်ဒိုဟာ ၄င်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းကို ကျေးဇူးတင်ကြောင်းနဲ့ ပရိသတ်တွေကိုလည်း နားလည်ပေးစေလိုကြောင်း ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူတွေကို စာတိုပေးဖို့ခဲ့ပြီး ရီးရဲလ်အသင်းဟာ ၄င်းတို့ရရှိတဲ့ ရိုနယ်လ်ဒိုရဲ့ စာကို အသင်းရဲ့ တရားဝင် ဖေ့စ်ဘွတ် ၀က်ဘ်ဆိုက်ဒ်မှာ အခုလို ပြန်လည် ဖော်ပြထားခဲ့ပါတယ်။
 
“မက်ဒရစ်မြို့မှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ကျွန်တော့်ဘ၀ရဲ့အပျော်ရွှင်ရဆုံး အချိန်တွေပါပဲ။ အသင်းနဲ့ ဒီမြို့တော်ကြီးကနေ ကျွန်တော် ချစ်ခြင်းမေတ္တာတွေ အများကြီး ရရှိခဲ့ပါတယ်။ နောက်ပြီး ပရိသတ်တွေရဲ့ နွေးထွေးတဲ့ မေတ္တာတွေကိုလည်း ကျွန်တော်ခံစားမိပါတယ်။ အခုအချိန်ကတော့ ကျွန်တော့်ဘ၀အတွက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အချိန်ကျလာပြီ ဖြစ်တာကြောင့် အသင်းပြောင်းဖို့ကို ကျွန်တော်ကိုယ်တိုင် အသင်းတာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာပါ။ အဲ့အတွက်လည်း ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို နားလည်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ။
 
ရီးရဲလ်အသင်းမှာရှိနေခဲ့တဲ့ ၉ နှစ်တာကလဟာ ကျွန်တော့်အတွက် အံ့သြဖွယ်အကောင်းဆုံး နှစ်တွေဖြစ်ခဲ့ပြီး ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မေ့ပျောက်လို့ရမှာ မဟုတ်ပါဘူး။ နောက်ပြီး ရီးရဲလ်အသင်းဟာ အောင်မြင်ဖို့ကို အဓိကထားတဲ့ အသင်းကြီးတစ်သင်း ဖြစ်တာကြောင့် ကျွန်တော်ခက်ခဲတဲ့ ကာလတွေကိုလည်း ဖြတ်သန်းခဲ့ရ ဖူးပါတယ်။ နောက်ပြီး အသင်းနဲ့အတူလည်း အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပါတယ်။
 
ကွင်းအတွင်းမှာရော.. အ၀တ်လဲခန်းမှာပါ ကျွန်တော် အရမ်းချစ်ခင်ရတဲ့ မိတ်ဆွေတွေရရှိခဲ့ပါတယ်။ ကွင်းထဲမှာရော၊ အ၀တ်လဲခန်းထဲမှာပါ အရမ်းခင်ရတဲ့ ကစားဖော်တွေ အများကြီးရခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ အများကြီးနဲ့လည်း ဆုံစည်းခွင့် ရရှိခဲ့ပါတယ်။ ဒါတွေကြောင့်လည်း ကျွန်တော် ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက် ရယူနိုင်ခဲ့တာပါ။
 
နောက်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၄ ကြိမ်နဲ့ ရွှေဖိနပ်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တာဟာလည်း တကယ်ကို ကျေနပ်စရာပါ။ ရီးရဲလ်အသင်းဟာ ကျွန်တော့်မိသားစုဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကျွန်တော် အသင်းနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားပါရစေ။ နောက်ပြီး ဥက္ကဌကြီး၊ ဒါရိုက်တာ အဖွဲ့ဝင်တွေ၊ အသင်းဖော်တွေနဲ့ ၀န်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ကျွန်တော် ပြောကြားလိုက်ပါရစေ။ ပြီးတော့ စပိန်ဘောလုံးအဖွဲ့ချုပ်ကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီ ၉ နှစ်အတွင်းမှာ ကျွန်တော် အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့တာဟာ သူတို့ကြောင့်ပါ။ ကျွန်တော်အားလုံးကို လေးစားပါတယ်။
 
ကျွန်တော်ဟာ မကြာခင်မှာ အသင်းနဲ့လမ်းခွဲရမှာ ဖြစ်ပေမယ့် ကျွန်တော့်ရဲ့ ဂျာဆီတွေ၊ ဆုဖလားတွေနဲ့ ဘာနေဗျူး ကွင်းကြီးကတော့ ကျွန်တော့်ရင်ထဲမှာ အမြဲတမ်းကျန်ရစ်နေမှာပါ။ ကျွန်တော် ဘယ်နေရာကိုရောက်ရောက် ဒါတွေကို အမြဲသတိရနေမှာပါ။
 
ကျွန်တော် ရီးရဲလ်အသင်းကို စတင်ဝင်ရောက်ခဲ့စဉ်က နှုတ်ဆက်ခဲ့တဲ့ စကားလေးတစ်ခွန်းနဲ့ပဲ ပြန်လည်နှုတ်ဆက် လိုက်ပါရစေ… “ံHala Madrid” လို့ ပြန်လည်ရေးသား ဖော်ပြထားတာဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment