၂၁ ရာပင်လုံ တတိယအကြိမ်တွင် နိုင်ငံရေးအနှစ်သာရအရ ကြီးကြီးမားမားရလဒ်ရရှိမှာ မဟုတ်ဟုဆို

ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်၍ နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး၌ နိုင်ငံရေးအရ ကြီးကြီးမားမားရလဒ်များ ရရှိမှာ မဟုတ်ဟု ညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ် တချို့က သုံးသပ်သည်။
 
၂၁-ပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် မူလက ဆွေးနွေးရန် ရည်မှန်ထားသည့် တိုင်းရင်းသား လူနည်းစုဆိုင်ရာ အခွင့်အရေးကိစ္စကို နိုင်ငံရေးကဏ္ဍတွင် ထည့်သွင်းဆွေးနွေးနိုင်ခြင်း မရှိဘဲ ကျားမတန်းတူညီမျှရေး ကိစ္စကိုသာ ဆွေးနွေးမှာဖြစ်သောကြောင့် ယင်းသို့သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
 
`တိုင်းရင်းသားလူနည်းစုများရဲ့ အခွင့်ဆိုတာ ခေါင်းစဉ်တစ်ခုရှိတယ်။ နိုင်ငံရေးမှာ အဲဒါဆွေးနွေးခွင့်မရဘူး။ နောက်တစ်ခါ အမျိုးသမီး ကျားမတန်းတူရေး၊ ကျွန်တော်တို့ ဒါဆွေးနွေးတယ်။ ဆွေးနွေးတော့ ကျွန်တော်တို့ စုစည်းပြုစုထားတဲ့ အချက် ၇ ချက်၊ ၈ ချက်လောက်မှာ ၄ ချက်လောက်ပဲရတယ်။ နောက်တစ်ခါ နိုင်ငံသား၊ နိုင်ငံသားဆိုတဲ့ ခေါင်းစဉ်က ကျွန်တော်တို့ ဆွေးနွးခွင့်မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီနေ့ ရောက်ရှိနေတဲ့ မျက်မှောက်ရေး အခြေအနေအရ အမျိုးသားရေး ပြဿနာနဲ့ ပတ်သက်ပြီးတော့ အရေးကြီးနေတဲ့ အချိန်မို့ ဒီကိစ္စကို ကျွန်တော်တို့ မဆွေးနွေးဘူး၊ နောက်တစ်ခါ ဥပဒေနဲ့ ပတ်သက်တာတစ်ခု၊ ကျွန်တော်တို့ ဒါမဆွေးနွေးဘူး` ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
 
နိုင်ငံရေးဆိုင်ရာတွင် အရေးကြီးသည့်ကိစ္စများ ဘာမှ မဆွေးနွေးရသေးကြောင်း၊ ယခုပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးသည် အချိန်တန်၍ လုပ်လိုက်ရသည့် သဘောသာ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ ဦးနိုင်ဟံသာက သုံးသပ်သည်။
 
`ဒီပွဲကတော့ သိပ်များများစားစား နားလည်မှုရမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဆွေးနွေးမယ့် ခေါင်းစဉ်တွေက နည်းတယ်။ နိုင်ငံရေးဆိုင်ရာမှာ အရေကြီးတဲ့ကိစ္စတွေ ဘာမှမဆွေးနွေးရသေးဘူး။ အဲဒါကြောင့် ဒီပွဲကတော့ အချိန်တန်လို့ လုပ်လိုက်ရတယ်ဆိုတဲ့ အနေအထားမျိုးလောက်ပါပဲလို့ ကျွန်တော်တို့ မြင်ပါတယ်`ဟု ဦးနိုင်ဟံသာက ပြောကြားသည်။
 
နိုင်ငံရေးကဏ္ဍတွင် အဓိကဆွေးနွေးရမည့် အကြောင်းအရာများဖြစ်သည့် တန်းတူးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲထွက်ခွင့် ကိစ္စတို့ကို ယခုကျင်းပနေသော ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် ဆွေးနွေး ရန် ချန်လှပ်ထားခဲ့ရသည့် အတွက်ကြောင့် ထွက်ပေါ်လာမည့် ရလဒ်များသည်လည်း နိုင်ငံရေးအနှစ်သာရရှိမှာ မဟုတ်ဟု ဝေဖန်နေကြခြင်းလည်း ဖြစ်သည်။
 
`အမျိုးသမီး ကျားမတန်းတူရေးမှာတောင်မှ အခု အမြီးနုတ်၊ ခေါင်းနုတ်နဲ့ ဘာမှမကျန်ဘူးလေ။ အဲဒါဆိုတော့ ဒီလိုအသေးအဖွဲ ကိစ္စတောင်မှ ဘာမှကောင်းမွန်တဲ့ ရလဒ်မရှိလို့ရှိရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကတော့ နိုင်ငံရေးအနှစ်သာအရတော့ ကြီးကြီးမားမား မရပါဘူး` ဟု ပဒိုမန်းငြိမ်းမောင်က သုံးသပ်သည်။
 
ဖက်ဒရယ်ကို အကောင်အထည်ဖေါ်သည့် နေရာတွင် အဓိကကျသည့် အခြေခံသဘောတရားများ ဖြစ်သည့် ပြည်ထောင်စုမှ မခွဲထွက်ရေးမူ၊ ကိုယ်ပိုင်းပြဋ္ဌာန်းခွင့် မူများနှင့် ပတ်သက်သည့် အမြင်များညှိရန်မှာ အင်မတန် အရေးကြီးသလို အင်မတန် နက်နဲ၊ သိမ်မွေ့သည့် ကိစ္စလည်းဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အဆိုပါ ကိစ္စများမှာ ဆွေနွေးသည့် အစီအစဉ်ထဲတွင် မပါပေမယ့် ယင်းကိစ္စ၏ ကြီးမားသည့် အရေးပါမှုကို အားလုံး သတိရှိနေကြမည် ဆိုသည်ကို ယုံမှားသံသယရှိစရာ မလိုကြောင်း နိုင်ငံတော်၏ တိုင်ပင်ခံပုဂ္ဂိုလ်က ညီလာခံအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
Average: 3 (1 vote)

Add new comment