တပ်ချုပ်နှင့်တွေ့ဆုံပါက စစ်ပွဲများအရှိန်လျှော့ချရန်ကိစ္စကို ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ဂွမ်မော်ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံပါက ကချင်ပြည်နယ်၌ တိုက်ပွဲများ အရှိန်လျှော့ရန်ကိစ္စကို ဆွေးနွေးမည်ဟု ကချင်လက်နက်ကိုင်အဖွဲ့(KIA) မှ ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
 
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော ဗိုလ်ချုပ်ဂွမ်မော်အား သတင်းမီဒီယာများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံလျှင်
စစ်ရှိန်လျှော့ချရေးကို ဆွေးနွေးမှားလားဟု မေးမြန်းခြင်းကို ၄င်းက`တွေ့လို့ရှိရင်တော့ ကျွန်တော်တို့ ပြောရမယ့် ကိစ္စပါ ဒါမပြောမဖြစ်ပါ` ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
 
လတ်တလောတွင် ထူးခြားသည့် အစီအစဉ် မရှိသေးကြောင်းနှင့် ညီလာခံဖွင့်ပွဲနှင့် ညစာစားပွဲပြီးမှသာ နှစ်ဖက်ညှိရမှာ ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
 
`ကျွန်တော်တို့ အခုအစီအစဉ်ကတော့ ထူးခြားတဲ့အစီအစဉ်တွေ ဘာမှမရှိသေးပါဘူး။ ဒီဖွင့်ပွဲနဲ့ ညစာစားပွဲ ပြီးလို့ရှိရင်ပဲ ကျွန်တော်တို့က နှစ်ဖက်ပြန်ပြီးညှိရမှာ ဖြစ်ပါတယ်` ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
 
တရုတ်သံရုံးမှတစ်ဆင့် အစိုးရ၏ ဖိတ်ကြားမှုချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ မြောက်ပိုင်မဟာမိတ် ခုနစ်ဖွဲ့က တက်ရောက်ခဲ့သည်။
 
ပြီးခဲ့သည် ၂၀၁၇ မေလအတွင်းက ကျင်းပခဲ့သည့် ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ် ခုနစ်ဖွဲ့ တက်ရောက်စဉ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က `၀`အဖွဲ့ (UWSA)၊ ကချင်လက်နက်အဖွဲ့ (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တို့နှင့်လည်းကောင်း တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့နှင့် လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment