ရိုနယ်လ်ဒိုကို ခေါ်ယူဖို့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ စီးရီးအေကလပ် ဂျူဗင်တပ်

ဂျူဗင်တပ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ခရစ်စတီယာနိုရိုနယ်လ်ဒိုကို ခေါ်ယူဖို့ ယူရို ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။
 
အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ပြီးဆုံးတည်းက ထွက်ပေါ် နေခဲ့တာဖြစ်ပြီး ကနဦးမှာတော့ ၄င်းဟာ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့သွားနိုင်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ယနေ့မနက် ထပ်မံပေါ်ထွက်လာတဲ့ သတင်းမှာတော့ အဆိုပါကစားသမားရဲ့ အပြောင်းအရွှေ့ဟာ ယူရို ၁၀၅ သန်းအထိ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
 
ဂျူဗင်တပ်တို့ဟာ အဆိုပါတိုက်စစ်မှူးကို တစ်နှစ်လုပ်ခ ယူရို သန်း ၃၀ နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး ၄င်းတို့ရဲ့ ခေါ်ယူမှုဟာ စီးရီးအေ သမိုင်းတစ်လျှောက်မှာ ပြောင်းရွှေ့ကြေးအများဆုံး ခေါ်ယူမှုတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စီရိုနယ်လ်ဒိုဟာ ဂျူဗင်တပ်မှာ လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ရပ်တည်သွားနိုင်တော့မှာလည်း ဖြစ်ပါတယ်။
 
အသက် ၃၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Ballon d’Or ဆု (၅) ဆုရှင် စီရိုနယ်လ်ဒိုဟာ ကစားသမား ဘဝတစ်လျှောက်မှာ အောင်မြင်မှုတွေ များစွာကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်အပါဝင် ဆုဖလား ၂၆ လုံးကို ဆွတ်ခူးထားနိုင်သူလည်း ဖြစ်ပါတယ်။
 
စီရိုနယ်လ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၉ နှစ်ကြာကစားခဲ့သူဖြစ်ပြီး အသင်းအတွက် ၄၃၈ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့ကာ ၄၅၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဆုဖလားပေါင်း ၁၆ ခုကို ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရီးရဲလ်တို့ ချန်ပီယံလိဂ်ဖလားကြီးကို ၃ နှစ်ဆက် ကိုင်မြှောက်ခွင့်ရရှိစေဖို့ အဓိက နေရာက ပါဝင်ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment