သာကေတမြို့နယ်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ

သာကေတမြို့နယ်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
၇.၇.၂၀၁၈ ရက်နေ့ နံနက် ၀၆း၀၀ နာရီအချိန်တွင် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်၊ စည်ပင်ဝင်း၊ ရှုခင်းသာအတွင်းလမ်းဘေးရှိ ရေမြောင်းတွင် အမျိုးသားတစ်ဦးလဲကျနေကြောင်း သတင်းအရ သာကေတမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ သာကေတမြို့နယ်၊ ၁၀/တောင်(၁၃) ရပ်ကွက်နေ ကိုမင်းမင်းအောင်၊ (၃၉)နှစ် မှာ မှောက်လျက်အနေအထားဖြင့် ဦးခေါင်းနှောက်စေ့ (၆)လက်မခန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ၀ဲနဖူးညိုမဲ ဒဏ်ရာ(၁)ချက်၊ လည်ပင်းပွန်းရှ ဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးရှိ ကွန်ကရစ် လမ်းမ ပေါ်တွင် သွေးကွက်များ၊ လုံးပတ်(၁၄) လက်မခန့်ရှိ ကျောက်ခဲ(၁)လုံးနှင့် Basini 01 Size 8 Made In Thiland တံဆိပ်ပါ အနက်ရောင် ယောင်္ကျားစီးကွင်းထိုးဖိနပ် (၁)ရံတို့အား တွေ့ရှိရသဖြင့် သိမ်းဆည်းကာ သာကေတ နယ်မြေရဲစခန်း (ပ)၄၉၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန် သူအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ သည်။
 
၎င်းအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးမှမှုခင်း ဖော်ထုတ် ရေးတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းနှိမ် နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင် များနှင့် သာကေတ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော အထူးအမှုစစ်အဖွဲ့အား ဖွဲ့စည်းပြီး စုံစမ်းခဲ့ရာ ၎င်းအမှုအား ကျူးလွန်သူမှာ သာကေတမြို့နယ်၊ (၆)ရပ်ကွက်နေ သန်းအေး ဖြစ်ကြောင်းနှင့် ယင်းနေ့ နံနက်တွင် ဇနီးဖြစ်သူအား ခေါ်ဆောင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့သို့ တိမ်းရှောင်သွားကြောင်း သတင်းရရှိခဲ့သည်။
 
ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသူ သန်းအေးအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၁၀.၇.၂၀၁၈ ရက်နေ့ ညနေ ၁၇း၁၅ နာရီအချိန် ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။
 
ဖမ်းဆီးရမိသူ သန်းအေးအား အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဥပဒေနှင့်အညီ ထိရောက် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
Credit – Yangon Police
The Ladies News
 

 

Vote: 
Average: 2 (1 vote)

Add new comment