ရိုက်တာသတင်းထောက်နှစ်ဦး ထိန်းသိမ်းမခံရခင် လိုက်ခဲ့သည့်သတင်းနှင့် ပတ်သက်ပြီး သတင်းသမားကျင့်ဝတ်နှင့်အညီ လိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုဝလုံးပြော

ရိုက်တာသတင်းထောက်နှစ်ဦး ထိန်းသိမ်းမခံရခင် လိုက်ခဲ့သည့် သတင်းနှင့် ပတ်သက်ပြီး သတင်းသမားကျင့်ဝတ်နှင့် အညီ လိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးထိန်းသိမ်းခံ ရိုက်တာသတင်းထောက် ကိုဝလုံးက မြောက်ပိုင်းခရိုင်တရားရုံး၌ ငါးကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ရုံးချိန်းတွင် ပြောသည်။
 
ကိုဝလုံးက ''ကျွန်တော်တို့အနေနဲ့ ပြောချင်တာက သတင်းသမားတစ်ယောက်အနေနဲ့ လုပ်ခဲ့တဲ့အပေါ်မှာ ယုံကြည်တယ်။ သတင်းသမားကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တာ မရှိပါဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့သတင်းတွေ အပေါ်မှာလည်း ကျွန်တော်တို့ သတင်းသမားကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ခဲ့တယ်လို့ ပြောလိုပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့ အပြည့်အဝ ယုံကြည်တယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေမယ်လို့ … ဒီအတွက် ကျွန်တော်တို့အနေနဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး အားလုံးကိုအပြည့်အဝ ယုံကြည်ပါတယ်။ ကျွန်တော်တို့ကို ထောက်ခံပေးတဲ့ မီဒီယာသမားများအားလုံးကို ကျေးဇူးတင်ပါတယ်'' ဟု ပြောသည်။
 
ရိုက်တာသတင်းထောက်နှစ်ဦး မြောက်ပိုင်းခရိုင်တရားရုံး၌ လေးကြိမ်မြောက် ရုံးထုတ်အပြီး ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းခြင်း မခံရမီ စုံစမ်းရေးသားထားသည့် အင်ဒင်းကျေးရွာ လူသတ်မူနှင့် ပတ်သက်ပြီး အသတ်ခံရသူများ ဓာတ်ပုံပါဝင်သည့် သတင်းတစ်ရပ် ရိုက်တာသတင်းဌာနမှ ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ခြင်းများရှိသည်။
 
အဆိုပါသတင်းနှင့် ပတ်သက်၍ ဝေဖန်မူများရှိခဲ့သော်လည်း အင်းဒင်ကျေးရွာတွင် မွတ်ဆလင် အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံခဲ့ရမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ဒေသခံ ၆ ဦး ကို ဥပဒေနှင့်အညီ အရေးယူနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖေဖော်ဝါရီ ၁၁ ရက်က RFA မြန်မာပိုင်းသို့ ပြောကြားခဲ့ခြင်းများရှိသည်။
 
ယခုတစ်ပတ်ရုံးချိန်းတွင် တရားလိုပြသက်သေ ဒုရဲအုပ်မျိုးကိုကိုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ယခင်တရားလိုပြ သက်သေနှစ်ဦး ထွက်ဆိုခဲ့သည့်အတိုင်း ထွက်ဆိုခြင်းများရှိသော်လည်း ထွက်ဆိုချက်အချို့ အနည်းငယ် ကွဲလွဲခြင်းများရှိကြောင်း ရိုက်တာသတင်းထောက်နှစ်ဦး၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
 
ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည့် ၂၀၁၇ ဒီဇင်ဘာလ ၂၁ ရက်နေ့က ရဲဝန်ထမ်း နှစ်ဦးနှင့် ညစာအတူစားဖို့ ဖိတ်ခေါ်ခံခဲ့ရပြီးနောက် စာရွက်စာတမ်းအချို့ လက်ဝယ်တွေ့ ရှိမှုဖြင့် နိုင်ငံတော်၏လျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက်တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာဖြစ်ကြောင်း ကိုဝလုံး၏ဇနီးဖြစ်သူက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ရာတွင် ပြောဆိုခဲ့ခြင်းများရှိသည်။
 
ရိုက်တာသတင်းထောက်နှစ်ဦးအမှုနှင့် ပတ်သက်ပြီး ၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်နေ့က မင်္ဂလာဒုံတရားရုံးတွင် ပထမဆုံးအကြိမ် ရမန်ယူရန် ရုံးထုတ်ခဲ့သည်။ ထို့နောက် ၂၀၁၈ ဇန်န၀ါရီ ၁၀ ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး စွဲချက်တင်ခဲ့သည်။ အဆိုပါ စွဲချက်တင်သည့်နေ့ တရားလိုပြသက်သေ တင်သွင်းရာတွင် ရိုက်တာသတင်းထောက်နှစ်ဦးအား စာရွက်စာတမ်း ပေးခဲ့သည်ဆိုသည့် ရဲနှစ်ဦးသည် တရားလိုပြသက်သေအဖြစ် ပါဝင်လာခြင်းရှိသည်ဆိုသည့် ထူးခြားချက်တွေ့ရှိခဲ့သည်။
 
ထို့နောက် ဇန်န၀ါရီ ၂၃ ရက် ရုံးချိန်းတွင် တရားလိုမြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ယုနိုင်က ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် တရားစွဲဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး ထွက်ဆိုခဲ့ခြင်းများရှိသည်။
 
ဇန်န၀ါရီ ၂၃ ရက်က လျှောက်ထားခဲ့သည် အာမခံလျှောက်ထားချက် မြောက်ပိုင်းခရိုင်တရားရုံးမှ ဖေဖော်ဝါရီ ၁ ရက်နေ့ ရုံးချိန်းတွင်ပယ်ချကြောင်း အမိန့်ချမှတ်ပြီး အမှုအားဆက်လက်စစ်ဆေးခဲ့သည်။ ယခုတစ်ပတ် စစ်ဆေးပြီး နောက်တစ်ပတ်ရုံးချိန်းအား ဖေဖော်ဝါရီ ၂၁ ရက်သို့ ထပ်မံချိန်းဆိုထားသည်။ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေသည် မြန်မာနိုင်ငံ ကိုလိုနီနိုင်ငံအဖြစ် ရှိနေစဉ်ကတည်းက ရှိခဲ့သည့် ဥပဒေတစ်ခုဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် ၎င်းပုဒ်မဖြင့် တရားစွဲဆိုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
 
ယခင်ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက်က ယူနတီဂျာနယ်ကို ၎င်းဥပဒေဖြင့်တရားစွဲဆိုပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ဖူးခြင်းများရှိသည်။ ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်တွင်း သတင်းမီဒီယာများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဘက်မှ တောင်းဆိုမှုများရှိသည့်အပြင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး၊ ဗြိတိန်သံရုံးနှင့် ဥရောပကော်မရှင် စသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ တောင်းဆိုခြင်းများ ရှိသည်။
 
စိုင်းဟန်
The Ladies News
 
 

 

Vote: 
No votes yet

Add new comment