တစ်လလျှင် ငွေကျပ် ၇ သောင်းခန့်ဖြင့် ၂၅ နှစ်ခန့်ပေးသွင်းပြီး တိုက်ခန်းပိုင်ဆိုင်စေရန် ကြိုးပမ်းနေ

ရန်ကုန်တွင်နေသူတိုင်း အိမ်ရှိရမည်ဆိုသည့် အစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်လလျှင် ငွေကျပ် ခြောက်သောင်း၊ ခုနစ်သောင်းခန့် အနှစ် ၂၀၊ ၂၅ ပေးသွင်း၍ တိုက်ခန်းပိုင်ဆိုင်စေရန် ကြိုးစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြောသည်။
 
ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြည်သူများ၊ အဖွဲ့ချုပ်ပါတီဝင်များနှင့်တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
“ကျနော်တို့ရန်ကုန်တိုင်းက ဖွံ့ဖြိုးတိုးတက်လို့ အခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ကျနော်တို့ဆီမှာ အလုပ်အကိုင်တွေ လာလုပ်မယ်ဆိုရင်လည်း ကျနော်တို့ ဒီမှာ အိမ်ရာစီမံကိန်း တွေတည်ဆောက်ပြီး ရန်ကုန်မှာနေသူတိုင်း အိမ်ရှိရမယ်ဆိုတဲ့ အခြေအနေတွေကိုလည်း ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျူးကျော် နေထိုင်သူတွေကို တိုက်ခန်းရောင်းပေးနိုင်ဖို့ ကျနော်တို့ကြိုးစားနေမယ်။ သူတို့ကို ရော့ တိုက်ခန်းရောင်းပေးမယ်။ သိန်းတစ်ရာ ဝယ်နိုင်မလားဆိုသူတို့ ဘယ်ဝယ်နိုင်မလဲ။ ဒါပေမဲ့ တစ်လကို ခြောက်သောင်း၊ ခုနှစ်သောင်း ပေးရမယ်ဆိုရင် သူတို့ အနှစ် ၂၀၊ ၂၅ နှစ်လောက်မှာ ဒီတိုက်ခန်းကို ပိုင်သွားအောင် ကျနော်တို့ လုပ်ပေးလို့ရတယ်။ ဒီအစီအမံတွေကိုလည်း ကျနော်တို့ လုပ်ဖို့ကြိုးစားနေပါတယ်” ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
 
ထို့အတူ လမ်းမဘေးတွင်နေနေသူများကို အိမ်ပေါ်တင်ပေးပြီး ၎င်းတို့ဘ၀ မြှင့်တင်ပေးမည်ဆိုလျှင် နိုင်ငံသားတစ်ဦးကို စောင့်ရှောက်လိုက်ခြင်းဖြစ်ကြောင်း သို့သော်လည်း၊ မည်သည့်ကိစ္စမဆို အလကားမရနိုင်ကြောင်း အားလုံးသည် အလုပ်လုပ်ရမည်ဖြစ်ပြီး ငွေရှာရမည်၊ ကြိုးစားရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းကို အခြား တိုင်းနှင့်ပြည်နယ် များမှ အလုပ်အကိုင်ပေါ၍ ရောက်လာမည်ဆိုပါကလည်း မြို့ရွာလူဦးရေတိုးပွားပြီး အောင်မြင်သည့် မြို့ကြီးဖြစ်လာစေရန် လုပ်ကြမည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားခဲ့သည်။
 
The Ladies News
 

 

Vote: 
Average: 4 (1 vote)

Add new comment