မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးရခြင်းနှင့် ပတ်သက်ပြီး လူထုတွေ့ဆုံရှင်းလင်းပွဲများကို ယခုလအတွင်း၌ ပြုလုပ်မည်

မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရခြင်းနှင့် ပတ်သက်ပြီး မွန်လူထုအား တွေ့ဆုံရှင်းလင်းပွဲများကို ယခုလအတွင်း၌ ပြုလုပ်မည်ဟု မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးက The Ladies News သို့ ပြောကြားသည်။
 
`ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းတွေ ဌာနချုပ်ရောက်ရင် ဒီကိစ္စတွေ ဆွေနွေးကြမှာပါ။ ဘယ်နေရာ လုပ်မယ်ဘယ်လိုလုပ်မယ်ဆိုတာ ဌာနချုပ်ရောက်မှပဲ စီစဉ်မှာပါ။ ဒီလအတွင်းလုပ်ဖို့တော့ အစီစဉ်ရှိပါတယ်။ ဒါပေမယ့် နေ့က အတိအကျ မသိသေးဘူး၊ မြန်မြန်လုပ်သွားမှာပါ` ဟု ၄င်းကပြောကြားသည်။
 
ဖေဖေါ်ဝါရီလ ၁၃ ရက်က မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးကြသည်။ NCA တွင် လက်မှတ်ရေးထိုးပြီးသည့်နောက် ပြုလုပ်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည့်နေ့ရက်ကိုမူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း နိုင်အောင်မငေးက ပြောကြားသည်။
 
`အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ဆိုရင် UPDJC မှာ ဆုံးဖြတ်ချက်ချပြီးတဲ့ အခါကျရင် ကျွန်တော် တို့အတွက် ဆုံးဖြတ်ချက်ချမှာပေါ့။ အဲဒီဆုံးဖြတ်ချက် တစ်ခုပါလာရင် ကျွန်တော်တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲလုပ်လို့ ရပြီပေါ့။ အခု UPDJC က မထိုင်သေးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့တော့ မရသေးဘူးပေါ့။ ကျွန်တော်တို့ UPDJC ရဲ့ ဆုံးဖြတ်ချက်ကို တစ်ချက်စောင့်ရမယ်။ NCA ရဲ့ လမ်းညွှန်ချက် အတိုင်းပေါ့` ဟု ၄င်းကပြောကြားသည်။
 
NCA စာချုပ်နှင့်အညီ မကြာခင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း၊ မွန်နှင့်
လားဟူ ဒေသမှာရှိသည့် ဆရာတော်သံဃာတော်များ၏ သြ၀ါဒကိုခံယူပြီး ဒေသတွင်းမှာ ဖြန့်ကျက်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး အသီးသီး၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ မီဒီယာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျန်မာရေး ပညာရေးပိုင်းဆိုင်ရာမှစပြီး အုပ်ချုပ်ရေးနယ်ပယ် အသီးသီးမှ ၀န်ထမ်းများအပြင် နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြသည့် မွန်နှင့် လားဟူမျိုးချစ်တွေ အားလုံးနှင့် တိုင်းပင်နှီးနှောကာ အားလုံး၏ သဘောထားကို ရယူမှာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်က NCA လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် မွန်နှင့် လားဟူကိုယ်စား မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
 
မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် NLD အစိုးရ လက်ထက်တွင် NCA ၌ ပထမဦးဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များလည်း ဖြစ်သည်။ ယခုအခါ NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိလာပြီ ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment