ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ ဘက်တွင် အထူးစီးပွားရေးဇုန်တစ်ရပ် ထူထောင်ရန်ပြင်ဆင်နေ

ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ ဘက်မှာ အထူးစီးပွားရေးဇုန် တစ်ရပ် ထူထောင်ရန်ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
 
ဝန်ကြီးချုပ်အနေဖြင့် ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ရောက်ရှိစဉ် ပြည်သူများ၊ NLD အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
"တစ်ခုခုလုပ်မယ်ဆိုရင် ကျနော်တို့က စီးပွားရေးအရ တွက်ချေကိုက်အောင် ကျနော်တို့က လုပ်ရမှာဖြစ်တယ်။ ဒီကရတဲ့ အကျိုးအမြတ်နဲ့ ကျနော်တို့ရပ်ရွာရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ကျနော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ ဘက်မှာ အထူးစီးပွားရေးဇုန် တစ်ရပ် ထူထောင်ဖို့အတွက် ကျနော်တို့ ပြင်ဆင်နေပါ တယ်။ လေ့လာဆန်းစစ်မှုတွေလည်း လုပ်နေပါတယ်။ တကယ် လုပ်နိုင်တဲ့ အခြေအနေကောင်းဖြစ်ပြီဆိုရင် ကျနော်တို့ လွှတ်တော်မှာ အတည်ပြုဖို့ ကျနော်တို့ ကြိုးစားမယ်” ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
 
လေ့လာဆန်းစစ်ချက်များအရ ဆိပ်ကမ်းတည်ဆောက်ရန်အတွက် သေချာသလောက်ရှိနေပြီး နယ်သာလန်နိုင်ငံရှိ ကုမ္ပဏီတစ်ခုနှင့် မြေပြင်လေ့လာမှုများ၊ ရေကြောင်းအ၀င်အထွက် လမ်းကြောင်းများကို ကြည့်ရှုခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
 
“ဒီဘက်မြို့ပေါ်မှာ စက်မှုဇုန်တွေ လုပ်လို့မရလားဆိုတာကို စင်ကာပူကုမ္ပဏီနဲ့ကျနော်တို့ လေ့လာပါမယ်။ အဲဒီ အတွက် ငွေကြေးပေါင်းများစွာ အသုံးချပြီး ကျနော်တို့ လေ့လာပြီး ဒီကရတဲ့ စီမံကိန်းကို ကျနော်တို့ အကောင်အထည် ဖော်နိုင် ဖို့အတွက် ပြည်ထောင်စု လွှတ်တော်တွေ တိုင်းဒေသကြီးလွှတ်တော်တွေမှာ ကျနော်တို့ ဆွေးနွေးပါမယ်။ ဆွေးနွေးပြီးရင် လွှတ်တော်ရဲ့ အတည်ပြုချက်ရရင် ကျနော်တို့ မြေပြင်မှာ စတင်နိုင်ဖို့အတွက် ကျနော်တို့ လုပ်ပါမယ်" ဟု ရပ်ရွာဖွံ့ဖြိုးရေး အကောင်အထည်ဖော်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
 
လာမည့်သုံးနှစ်အတွင်း ပြည်သူလူထုအတွက် လက်တွေ့ကျသည့် မြေပြင်ဆောင်ရွက်မှုများကို ဆောင်ရွက်မည်ဖြစ်ပြီး၊ အထူးစီးပွားရေးဇုန်ကြီး ဖြစ်လာမည်ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းများလည်း မြို့ရွာ၌ပင်ရမည်ဖြစ်သည်။ အဆိုပါစီမံကိန်းကြီး မဟာဗျူဟာမြောက်ဖြစ်ရန် အကောင်အထည်ဖော်မှုများ လုပ်ဆောင်နေကြောင်းလည်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment