၂၁-ပင်လုံ တတိယအကြိမ် အစည်းအဝေးမတိုင်ခင် UNFC အဖွဲ့များ NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးကို ကြိုးပမ်းနေသည်ဟု အစိုးရငြိမ်းချမ်းရေးကော်မရှင်ပြော

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး မတိုင်ခင်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးကို ကြိုးပမ်းနေသည်ဟု အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) မှ ဦးအောင်စိုးက The Ladies News သို့ ပြောကြားသည်။
 
အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဆက်လက်တွေ့ဆုံနိုင်ရေးနှင့် ပတ်သက်ပြီး မေးခြင်းကို ပြန်လည်ဖြေကြားရာတွင် ၄င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
`သူတို့ဘက်မှာ အစည်းအဝေး ရှိတယ်ကြားတယ်ဗျ။ သူတို့ဘက်က အစည်းအဝေး အခြေအနေ ဘယ်လို ဖြစ်လာဦးမလဲ မသိသေးဘူး။ ကျွန်တော်တို့ ဘက်ကတော့ ၂၁-ပင်လုံ မတိုင်ခင်ကို သူတို့ လက်မှတ်ထိုးနိုင်အောင် ကြိုးစားသွားမှာပါ` ဟု ဦးအောင်စိုးက ပြောကြားသည်။
 
အရးပေါ် အစည်းအ၀းအပြီး ဇန်န၀ါရီလ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် UNFC ၏ ကြေညာချက်ထဲတွင်
တစ်ဆို့နေသည့် အချက်များကို အဖြေရရှိရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းနိုင်ရန်နှင့် အခြားနည်းလမ်းများကို ဆက်လက် ကြိုပမ်းသွားမည်ဟု ဆိုသည်။
 
UNFC သည် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက NCA တွင် လက်မှတ်ရေးထိုး နိုင်ရေးအတွက် တစ်ဆို့နေသည့် အချက်များ ညှိနှိုင်းအဖြေရှာနိုင်ရန်အတွက် နှစ်ဖက်ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံရန် အစိုးရထံသို့ တောင်းဆိုထားသည်။ အဆိုပါ တောင်းဆိုချက်နှင့် ပတ်သက်ပြီး အစိုးရဘက်မှ မည်သည့် အကြောင်းပြန်းချက်မှ ပြုလုပ်ခြင်း မရှိသေးပေ။
 
ထိပ်သီးခေါင်းဆောင်များ တွေဆုံနိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး မိမိသည် အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) အဖွဲ့ဝင်တစ်ဦးသာ ဖြစ်သည့် အတွက်ကြောင့် တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိဟု ဦးအောင်စိုးက ပြောသည်။ဆိုသည်။
 
UNFC အဖွဲ့ဝင်တချို့ NCA တွင် လက်မှတ်ရေးထိုးတော့မည့် သတင်းများ ထွက်ပေါ်နေချိန်တွင် NLD ပါတီ
မှ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကလည်း လာမည့် ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် NCA ကို လက်မှတ်ရေးထိုးမည့် အဖွဲ့များရှိလာပြီဟု သတင်းမီဒီယာများကို ပြောကြားထားသည်။
 
အတည်ပြုနိုင်ရန် မရသေးသော သတင်းများက UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် NCA တွင် လက်မှတ်ရေးထိုးတော့မည်ဟု ဆိုသည်။ ယင်းကို အတည်ပြုနိုင်ရန်အတွက် အဆိုပါအဖွဲ့များကို ဆက်သွယ် မေးမြန်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
 
UNFC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်ကတော့  UNFC အဖွဲ့ဝင်များသည် ခွဲထွက်မည်ဆိုခြင်းမျိုး မရှိဘဲ UNFC မူအတိုင်းသာ ဆက်သွားမည်ဟုဆိုသည်။
 
NCA တွင် လက်မှတ်ရေးထိုးနိုင်ရန် UNFC တောင်းဆိုထားသည့် အဆိုပြုချက် ၉ ချက်ကို ဆွေးနွေးခဲ့သည်မှာ ၁၇ လကျော် ကြာမြင့်ခဲ့ပြီး တရားဝင် ၉ ကြိမ်မြောက် ဆွေးနွေးမှုမှာတော့ တစ်ဆို့မှုများဖြစ်ရာ ရပ်ဆိုင်းခဲ့ရသည်။ ထိုသို့ တစ်ဆို့မှုဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ UNFC ဘက်မှ ဖက်ဒရယ်ဒီမိုကရေစီဟု သုံးနှုန်းလိုပြီး အစိုးရဘက်မှ ဒီမိုကရေစီဖက်ဒရယ်ဟု သုံးနှုန်းလိုခြင်းကြောင့် ဖြစ်သည်။
 
အဆိုပါတစ်ဆို့မှုကို အဖြေရှာနိုင်ရန်အတွက် ထိပ်ခေါင်းဆောင်များအချင်းချင်း တွေ့ဆုံကာညှိနှိုင်းရန် UNFC ဘက်မှ ဆန္ဒရှိနေသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဇန်န၀ါရီ လကုန်ပိုင်းတွင် ပြုလုပ်ရန် အစိုးရက လျာထားထားသည်။
 
အောင်ရဲနောင်
The Ladies News
 
 

 

Vote: 
No votes yet

Add new comment