၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ဖွင့်လှစ်သည့် အဏုဇီဝဗေဒ ဘာသာရပ်သင်တန်းသို့ ကျောင်းသား ၄၀ ကျော် တက်ရောက်

ရန်ကုန်တက္ကသိုလ်တွင် ရုက္ခဗေဒဌာနမှ ဘာသာရပ်များ အပြန်အလှန် ပေါင်းစပ်သင်ကြားနိုင်မည့် Interdisciplinary သင်တန်းအဖြစ် အဏုဇီဝဗေဒ ဘာသာရပ်ကို ဖွင့်လှစ်ရာ သင်တန်းသား ကျောင်းသား ကျောင်းသူ ၄၀ ကျော် တက်ရောက် ပညာသင်ကြားနေကြောင်း ရုက္ခဗေဒပါမောက္ခ ဌာနမှူး ဒေါက်တာအေးဖေက ပြောသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဇန်န၀ါရီ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ရုက္ခဗေဒ အထူးပြုနှင့် အဏုဇီဝဗေဒ အထူးပြု ပထမနှစ်ထူးချွန် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသားများ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများ မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်းဖြစ်သည်။
 
ဒေါက်တာအေးဖေက “အဏုဇီဝဗေဒ ဘာသာရပ်ကို ပြောမယ်ဆိုရင် တခြားတက္ကသိုလ်တွေမှာ စတာကြာပါပြီ။ ကျွန်တော်ထင်တယ် အနည်းဆုံး ၁၀ နှစ်ဝန်းကျင် လောက်ရှိနေပါပြီ။ အောက်မြန်မာပြည်မှာ ၅ ကျောင်း၊ အထက်မြန်မာပြည်မှာ ၅ ကျောင်း စုစုပေါင်း ၁၀ ခုမှာ သင်နေတာကြာပြီ။ အဲ့ဒါကို ရန်ကုန်တက္ကသိုလ်အနေနဲ့ ပထမနှစ် ထူးချွန်တွေကို အဏုဇီဝဗေဒ ဘာသာရပ်ကို စပြီးသင်ကြားဖို့ ခွင့်ပြုမိန့်တင်ပြီး ခွင့်ပြုမိန့်ကျပြီး ဒီနှစ် အဏုဇီဝဗေဒဘာသာရပ်ကို စပြီးသင်ကြားခြင်း ဖြစ်တယ်။ တက်တဲ့အရေအတွက်က ၄၀ ကျော်ပါပဲ။ ခေါ်တာတော့ ၅၀ ကျော်ပါပဲ။ ခေါ်တဲ့အထဲမှာ လျှောက်တာလလည်း နည်းနေသေးတယ်”ဟု ပြောသည်။
 
အဏုဇီဝဗေဒ (Microbiology)ဘာသာရပ်သည် သာမန်မျက်လုံးဖြင့် မမြင်နိုင်သည့် အဏုကြည့် မှန်ပြောင်းအောက်မှာ မြင်နိုင်တဲ့ သက်ရှိများ အကြောင်းကို လေ့လာသည့် ဘာသာရပ်တစ်ခု ဖြစ်သည်။ လေ့လာရာတွင် အဏုဇီဝ ရုပ်များအား လေ့လာပြီးနောက် ၎င်းအဏုဇီဝရုပ်များမှ မည်ကဲ့သို့ ဆေးဝါးများ ထုတ်လုပ်ခြင်း ကိစ္စတွင် လည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများတွင် အသုံးချနိုင်မည့် အကြောင်းများအား အဓိကထား သင်ကြားခြင်းများ ရှိကြောင်း သိရသည်။
 
အဏုဇီဝဗေဒ ဘာသာရပ်သည့် မြန်မာနိုင်ငံတွင် သင်ကြားနေသည့်မှာ ကြာသည့်အတွက် ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ ဘာသာရပ်များ ကဲ့သို့ စက်ရုံအလုပ်ရုံများတွင် အရည်အသွေး စမ်းသပ်သည့် နေရာများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ကြာင်း ပြောသည်။
 
ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနရှိ ရုက္ခဗေဒနှင့် အဏုဇီဝဗေဒဌာနတွင် တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူ ၂၈၀ ကျော် ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။
 
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ရုက္ခဗေဒ အထူးပြုနှင့် အဏုဇီဝဗေဒ အထူးပြု ပထမနှစ်ထူးချွန် မောင်မယ်သစ်လွင်များကို ကြိုဆိုခြင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ၏ ပညာရည်ချွန်ဆုပေးပွဲ၊ မြန်မာစာ စွမ်းရည်ဆုပေးပွဲ၊ အားကစားထူးချွန် ဆုပေးပွဲနှင့် သိပံ္ပပွဲခင်း တွင် ပြိုင်ပွဲဝင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment