အောင်ရဲထွေးအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထား

သင်္ဃန်ကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်း ကျင်းပသော ပါတီပွဲ၌ ရဲထွေးအောင်အား ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ ငါးဦးကို ဖမ်းမမိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ၀၄၀၀ အချိန်တွင် ရဲထွေးအောင်၊ (၂၄)နှစ်နှင့် ရည်းစားဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၊ (၂၈)နှစ်တို့သည် သင်္ဃန်ကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်း ကျင်းပသော ပါတီပွဲသို့ ရောက်ရှိစဉ် လွန်ခဲ့သည့် ၄ ရက်ခန့်က ခိုက်ရန်ဖြစ်ခဲ့ဖူးသူ အမျိုးသား ၅ ဦး(စိစစ်ဆဲ)နှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့မှ ရဲထွေးအောင်အား ဝိုင်းဝန်းထိုးကြိတ်ခဲ့၍ ဦးခေါင်းတွင် ဒဏ်ရာများ (စိုးရိမ်ရ)ရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ရဲထွေးအောင်၏ အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးမှ တိုင်တန်းသဖြင့် ရဲထွေးအောင်အား ထိုးကြိတ်ခဲ့သူ ၅ ဦး (ဖမ်းမမိ)အား သုဝဏ္ဏနယ်မြေရဲစခန်း (ပ)၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄(တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
 
ထို့နောက် ဇန်နဝါရီလ ၂ ရက်နေ့ ၁၄၃၅ အချိန် ရဲထွေးအောင်မှာ ဆေးရုံ၌ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားသဖြင့် အမှုအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု/ အားပေး ကူညီမှု)ဖြင့် ပြောင်းလဲ အမှုဖွင့်ပြီး တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ရဲထွေးအောင်သည် အောင်ရဲထွေး အမည်ဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဟာသ ဗီဒီယိုဖိုင်များ ရိုက်ကူးတင် ဆက်လေ့ရှိသူ ဟာသသရုပ်ဆောင် ၁ ဦး ဖြစ်သည်။
 
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment