အိုးထရက်ဖို့ဒ်မှာ မော်စကို ကို အနိုင်ယူနိုင်ခဲ့တဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနေ့ (ဒီဇင်ဘာ ၆ ရက်) မနက် ၂း ၁၅ အချိန် ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲဖြစ်တဲ့ စီအက်ကေအေ မော်စကို အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂ - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
 
မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ ယခုပတ်အတွင်း မြို့ခံပြိုင်ဘက် အသင်းဖြစ်သည့် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားဖို့ ရှိတာကြောင့် အရန်ကစားသမား အများစုနဲ့ပဲ ပွဲကို ထိန်းကစားခဲ့ပါတယ်။ ကစားသမားကောင်းတွေ ဖြစ်တဲ့ အက်ရှ်လေယန်း၊ အီဗရာမိုဗစ်၊ လင်းဂတ်တို့ကို ချန်လှပ်ထားခဲ့ပြီး မာရှယ်ကို ပွဲချိန်ပြည့် မကစားစေပဲ အရန် လူစားလဲအဖြစ် ထားရှိခဲ့တာပါ။ ပြိုင်ပွဲစပြီဆိုတာနဲ့ ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး ရက်ဖို့ဒ် တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ရရှိထာတဲ့ ဘောလုံးကို အပိုင်ကန်သွင်းရာမှ ဂိုးတိုင်ထိပြီး ပြန်ထွက်ခဲ့လို့ မန်ယူတို့ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။ မော်စကိုအသင်းကလည်း လျင်မြန်တဲ့ တိုက်စစ်နဲ့ ပြန်လည်ထိုးဖောက်ရာမှာ ပထမပိုင်း ပြီးခါနီးမှာ မန်ယူနောက်တန်း အမှားကနေ ဗစ်တင်ဟိုက လူကျွံဘော ထောင်ချောက်ကို ဖြတ်ပြီး အပိုင်သွင်းယူသွားခဲ့လို့ ပထမပိုင်းမှာ မန်ယူတို့ ၀ - ၁ ဖြင့် အရေးနိမ့်နေခဲ့ပါတယ်။
 
ဒုတိယပိုင်း ပြန်လည်စတင်တာနဲ့ တစ်ပြိုင်နက် မန်ယူတို့ ကစားပုံ ပြန်လည် ကောင်းမွန်လာပြီး မော်စကိုအသင်းဘက်ကို ပြန်လည် ထိုးဖောက် တိုက်စစ်ဆင်လာရာ ပွဲချိန် ၆၄ မိနစ်မှာ ပေါ့ဘာရဲ့ ပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူး လူကာကူက လှလှပပ ပိတ်သွင်းယူနိုင်ခဲ့လို့ မန်ယူတို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ အချိတ်ဆက်မိမိ ထပ်မံတိုက်စစ် ဆင်လာရာ ပွဲချိန် ၆၆ မိနစ်မှာ ကွင်းလယ်လူ မာတာရဲ့ ဖန်တီးပေးပို့မှုမှ တစ်ဆင့် ရက်ဖို့ဒ်က အပြင်းကန်သွင်းယူနိုင်ခဲ့လို့ မန်ယူတို့ အနိုင်ဂိုး ထပ်မံရရှိခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ နည်းပြ မော်ရင်ဟိုဟာ ၀ယ်ယူထားသော လူသစ်တွေကိုသာ ထုတ်သုံးပြီး ပွဲကို ထိန်းကစားစေခဲ့တာကြောင့် ပွဲပြီးချိန်အထိ ၂-၁ နဲ့သာ မန်ယူတို့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲတစ်ပွဲလုံးအတွက် အကောင်းဆုံး ကစားသမားဆုကိုတော့ မန်ယူအသင်းမှ လုရှောက ရရှိခဲ့ပါတယ်။
 
ယခုပွဲစဉ်ကို အနိုင်ရရှိခဲ့တာကြောင့် မန်ယူအသင်းဟာ အုပ်စု ဗိုလ်ဖြင့် ၁၆ သင်းအဆင့်ကို ထပ်မံယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၄၉ ပွဲတွင် ၂ ပွဲသာ ရှံးပွဲရှိခဲ့ပြီး ၁၂ ပွဲအထိ သရေကစားနိုင်ခဲ့ကာ ၃၅ ပွဲအထိ အနိုင်ရရှိထားပါတယ်။ မော်စကို အသင်းနဲ့ပွဲစဉ်မှာ လူကာကူကို
အဖွင့်ဂိုးသွင်းဖို့ ဖန်တီးပေးခဲ့တဲ့ ပေါ့ဘာက ယခုရာသီ မန်ချက်စတာယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ရှိလာပြီဖြစ်ပြီး ပေါ့ဘာဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၅၁ ပွဲတွင် ၆ ကြိမ်သာ ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment