ရွှေဘုံသာလမ်းမှ လမ်းဘေးဈေးသည်များ ယနေ့စတင်ဖယ်ရှား ကမ်းနားညဈေးသို့ ရွှေ့ပြောင်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းမှ လမ်းဘေးဈေးသည်များကို ကမ်းနားညဈေးတန်းသို့ ယနေ့ (နိုဝင်ဘာ ၁၅ရက်)တွင် ပြောင်းရွှေ့ ဖွင့်လှစ်ရေးများ လုပ်ဆောင် ခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် အတွင်းရှိ ရွှေဘုံသာလမ်း တွင် ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေး ဈေးသည်များကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့၊ နံနက် ၇ နာရီကျော်မှ စတင်ဖယ်ရှားနေကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။
 
အဆိုပါဈေးသည်များကို ဖယ်ရှားရာတွင် ယာဉ်ထိန်းရဲ၊ စည်ပင်သာယာ ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး အုပ်ချုပ်ရေး မှူးနှင့် အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်သည့် စုစုပေါင်း လူအင်အား ၁၂၀ တို့ဖြင့် ဖယ်ရှား ရှင်းလင်း ပြောင်းရွှေ့ စေခဲ့သည်။
 
ရွှေဘုံသာလမ်းတွင် ရောင်းချနေသည့် ဈေးသည် ၃၀၀ ကျော်ကို လုပ်ငန်း၊ ရောင်းကုန် အမျိုးအစားအလိုက် အုပ်စုခွဲပြီး ကမ်းနားညဈေးတန်း အတွင်း ရှိ ပန်းဆိုးတန်းနှင့် ဆူးလေဘုရားလမ်းကြားရှိ ကမ်းနားလမ်း မြေနေရာသို့ ရွှေ့ပြောင်းပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ မြို့နယ် အုပ်ချူပ်ရေးမှူးက ပြောသည်။
 
ယင်းက "အဲ့ဒီမှာ ဈေးသည်တွေ ပြောင်းပြီးရင် ကမ်းနားလမ်း ဈေးတန်းနဲ့ ပေါင်းပြီး စည်လာမှာဖြစ်တယ်။ အဲဒီမှာ စည်ကားပြီဆိုရင် ဒီမှာ လာစည် စရာ အကြောင်းမရှိတော့ဘူးလေ။ အဲ့ဒီအတွက် လူတိုးလာမယ့် အခြေ အနေ စောင့်စားနေတယ်။ အဲ့ဒီမှာဆို ဟိုတယ်လည်း ရှိတယ်။ ဟိုတယ်က နိုင်ငံခြားသားတွေက ဈေးကို လာကြည့်ကြမယ်။ နောက် ဒလ ဆိပ်ကမ်း နဲ့နီးနီးလေး၊ Water bus လည်း ရှိတော့ လာစီးတဲ့သူတွေက ဈေးထဲ လာကြည့်ကျမှာပဲ” ဟု ပြောသည်။
 
ရွှေဘုံသာလမ်းတွင် ရောင်းချနေသည့် ဈေးသည်များကို ကမ်းနားလမ်း ညဈေးတန်းနေရာတွင် လေးပေ၊ ရှစ်ပေ အကျယ် ဆိုင်ခန်းများ ချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
 
ရွှေဘုံသာလမ်း အရပ်အခေါ် ဘိန်းစားတန်း (သူခိုးဈေး) တွင် အီလက်ထရောနစ် ပစ္စည်းအဟောင်းများ၊ ဖုန်းအဟောင်းများ၊ လူအသုံးအဆောင် ပစ္စည်း တစ်ပတ်နွမ်းများ၊ လက်ဖက်ရည်ဆိုင်များကို ရောင်းချလျက် ရှိသည်။
 
ဘိန်းစားတန်းဈေးအား နှစ်ပေါင်းများစွာ ကြာအောင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြောင်းရွှေ့ခြင်းအပေါ် မပြောင်းရွှေ့ လိုသော်လည်း ကောင်းစေလိုသည့် ဆန္ဒဖြင့် လုပ်ခြင်း၊ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း ဈေးသည်များက ပြောသည်။
 
ဖုန်းနှင့် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချသည့် အသက် ၅၆ နှစ်အရွယ် ဒေါ်အေးသန်းက "ကျွန်မတို့ လက်ဖက်ရည်ဆိုင်လေး ရောင်းလာတာ ၁၅ နှစ်ရှိပြီ။ ဖုန်းခေတ်စားလို့ ဖုန်းဆိုင်တိုးဖွင့် ထားတာပေါ့။ ပြောင်းချင်တဲ့စိတ်က မရှိဘူး။ ဒါပေမယ့် ပြောင်းသင့်တယ်လို့ ထင်တယ်။ ဘာလို့ဆို ဆေးခန်းတွေက ဝင်ထွက်ရတာ ခက်လာတယ်။ ဆေးခန်းသမားတွေက ဝှီးချဲနဲ့သွားဖို့ ခက်လာတယ်။ တကယ်လို့သာ ဒီနေရာမှာ ပြန်ဖွင့်ခွင့်ရမယ် ဆိုရင် နေရာလေးသေးသေးနဲ့ ထီးတွေမဖွင့်ပဲ အချိန်လေးသတ်မှတ်ပြီး ဒုက္ခရောက်သူတွေ ပြန်ဖွင့်ရင်တော့ အရမ်းဝမ်းသာမှာပါ”ဟု ပြောသည်။
 
ကမ်းနားလမ်း ညဈေးဖွင့်လှစ်ရာတွင် အစဦးပိုင်းက အဆင်ပြေသော်လည်း နောက်ပိုင်း စားသုံးသူ နည်းပါးလာခြင်း၊ ဈေးဆိုင်ခန်း ပစ္စည်းများ သယ်ယူပို့ဆောင်ခ များကြောင့် ဈေးဆိုင်အချို့ ပိတ်လိုက်ရခြင်းများ ရှိကြောင်း သတင်းများ အရ သိရသည်။
 
ညဈေးတန်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မြို့တွင်းလေးမြို့နယ်မှ လမ်းဘေးဈေးသည် များကို ညဈေးတန်း (သခင်မြပန်းခြံ အနီးမှ ပန်းဆိုးတန်း ကမ်းနား အထိ) ၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလ ပန်းခြံလမ်းနှင့် ဘဏ်လမ်းတို့ ပြောင်းရွှေ့ရောင်းချခွင့် ပေးထားပြီး ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့် ပေးထားသည်။
 
စိုင်းဟန်
The Ladies News
 
 

 

Vote: 
No votes yet

Add new comment