NLD ပါတီ၏ ဒုတိယအကြိမ် လူငယ်ညီလာခံအား ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်လျာထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယအကြိမ် လူငယ်ညီလာခံကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် လျာထားကြောင်း လူငယ်ညီလာခံ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မရှင် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက The Ladeies News သို့ ပြောကြားသည်။
 
လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် ဗဟိုလုပ်ငန်းကော်မရှင် မှ တိုင်းနှင့် ပြည်နယ် လုပ်ငန်းကော်မရှင် အဆင့်ဆင့် ဖွဲ့စည်းတာဝန် ပေးခြင်း လုပ်ငန်းများကိုလည်း ပြည်နယ်နှင့် တိုင်းများတွင် ဆောင်ရွက်ပြီး စီးခဲ့ပြီဟု ၄င်းက ပြောကြားသည်။
 
ယခင် နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ကာလက NLD လူငယ်ကို ၃၅ နှစ် သတ်မှတ်ခဲ့ပြီး ယခုအခါမှတော့ နိုင်ငံတကာ စံနှုန်းအတိုင်း ၁၆ နှစ်မှ ၃၀ နှစ် အဖြစ် ပြန်ပြောင်း သတ်မှတ်ခဲ့သည်ဟု လူငယ်ညီလာခံ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မရှင် ဦးအောင်စိုးက ပြောကြားထားသည်။
 
NLD လူငယ်ပါတီဝင် လျှောက်လွှာများကို အောက်တိုဘာလမှ စတင် ရောင်းချခဲ့ပြီး ယနေ့အချိန်ထိ လျှောက်လွှာပေါင်း ခြောက်သောင်းခန့် ရောင်းချထားကြောင်း ဦးမောင်မောင်ဦးက ပြောကြားသည်။
 
`ဆယ်လပိုင်းကတည်းက ဖောင်က စရောင်းတယ်။ လောလောဆယ် တော့ ခြောက်သောင်း လောက်တော့ ရောင်းထားပြီးပြီ။ ဖောင်တွေတော့ တက်မလာသေးဘူး။ ဒါပေမယ့် ပြန်တက်လာမယ်လို့ ထင်ပါတယ်` ဟု ၄င်းကပြောကြားသည်။
 
ပထမကြိမ် NLD လူငယ်ညီလာခံကို ၂၀၁၄ ခုနှစ်အတွင်းက ကျင်းပခဲ့ပြီး လူငယ်ပါတီဝင် အင်အား တစ်သိန်းကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment