ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသက် (၉) လ မှ (၁၅) နှစ်အောက် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက်၊ ကျေးရွာအလိုက်၊ နှင့် ကျောင်းအလိုက် ကာကွယ်ဆေး ထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။
 
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း လည်း ကျန်းမာရေးဝန်ကြီးဌာနက ကြိုတင်ထုတ်ပြန် ကြေညာထားသည်။
 
ဂျပန်ဦးနှောက်ရောင် ရောဂါသည် ၀က်၊ ကျွဲ၊ နွား၊ ငှက်များမှ တဆင့် Culex အမျိုးအစားခြင်က သယ်ဆောင်လာပြီး လူတို့ကို ကူးစက် စေသော ရောဂါဖြစ်သည်။ ရောဂါပိုးကူးစက်ခံရပြီဆိုပါက ဖျားခြင်း၊ ခေါင်းကိုက် ခြင်း၊ ပျို့အန်ခြင်း ဖြစ်ပေါ်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။
 
အသက်မဆုံးရှုံးဘဲ အသက်ရှင်ကျန်သူများမှာလည်း အကြောသေခြင်း၊ အကြောဆိုင်းခြင်းများနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများကို ခံစားရ စေနိုင်ကြောင်း သိရသည်။
 
ထိုကြောင့် ရောဂါကာကွယ် ဆေးထိုးရန် မွေးကင်းစ ၉ လအရွယ် ကလေးငယ်မှ ၁၅ နှစ် အရွယ်ကလေးများ ရှိသည့် အခြေခံပညာ ကျောင်းများကို အခြေပြု၍ ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး ထိုးနှံရေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ထိုးနှံ ပေးမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြိုတင်အသိပေး ချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။
 
Photo - ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ လူပုရွာ အလယ်တန်း(ခွဲ)ကျောင်းတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးစဉ်
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment