ငွေထုတ်ရန်ရောက်ရှိနေသော မော်တော်ယာဉ်ပေါ်မှ ကုမ္ပဏီပိုင်ငွေများ ယူဆောင်ပြီး ထွက်ပြေးသွားသူကို ပြန်လည်ဖမ်းဆီးရမိ

မရမ်းကုန်းမြို့နယ်ရှိ KBZ Bank (1) ဘဏ်တွင် ငွေထုတ်ရန်ရောက် ရှိနေသော မော်တော်ယာဉ်ပေါ်မှ ကုမ္ပဏီပိုင်ငွေ ကျပ် ‎၁၄၁,၄၇၆,၈၀၀ ကို ခိုးယူထွက်ပြေးသည့် ကုမ္ပဏီဝန်ထမ်း ယာဉ်မောင်းအား ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၇ ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီခန့်က Diamond Dragon Co.LTD မှ ငွေထိန်း ဝန်ထမ်းဖြစ်သူ မယွန်းဖြူ နှင့် မဇင်မာလွင်တို့သည် ကုမ္ပဏီဝန်ထမ်း ယာဉ်မောင်း ကျော်ဇင်ဦး (၃၀)နှစ်နှင့် အတူ ကုမ္ပဏီပိုင် မော်တော်ယာဉ် 5D/5693 ဖြင့် ကုန်သည် များမှ စားအုန်းဆီဖိုးငွေအဖြစ် ပေးသွင်းထားသော ငွေများကို ဘဏ်များသို့ သွားရောက် ထုတ်ယူခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ယုဇနလမ်းရှိ KBZ Bank (1) တွင် ငွေထုတ်ယူရန် ရောက်ရှိစဉ် အခြားဘဏ်များမှ ထုတ်ယူလာသော ငွေများကို ယာဉ်ပေါ်တွင် တင်ထားပြီး မယွန်းဖြူနှင့် မဇင်မာလွင်တို့က ဘဏ်အတွင်းသို့ ငွေများ သွားရောက်ထုတ်ယူရာ ယာဉ်မောင်းကျော်ဇင်ဦးက ယာဉ်ပေါ်တွင် ထားရှိသော ငွေကျပ် ‎၁၄၁,၄၇၆,၈၀၀ ကို ယူဆောင်၍ ကုမ္ပဏီပိုင် မော်တော်ယာဉ် 5D/5693 ဖြင့် ထွက်ပြေး သွားသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း (ပ) ၁၁၂၉/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
 
အမှုမှ ပြစ်မှုကျူးလွန်သူ မောင်းနှင် ထွက်ပြေးသွားသော မော်တော်ယာဉ် အမှတ် 5D/5693 Toyota Wish ကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက အနီးကပ် တိုက်ရိုက်ကြီးကြပ်ကာ ခရိုင်မြို့ နယ် အသီးသီးသို့ ပိတ်ဆို့ဖမ်းဆီးရန် ညွန်ကြားခဲ့သဖြင့် အောက်တိုဘာ ၂၄ ရက်နေ့၊ ည ၇း၃၀ အချိန်တွင် ပြစ်မှု ကျူးလွန်သူ ကျော်ဇင်ဦး ခိုးယူမောင်းနှင်သွားသော 5D/5693 Toyota Wish မော်တော်ယာဉ်ကို အင်းစိန်မြို့နယ်၊ ရွှေပြည်သာ တံတားအဆင်းနှင့် ၁၄ လမ်းဆုံကြားရှိ မြဧယာတိုက်တန်း ရှေ့တွင် ရပ်ထားကြောင်းတွေ့ရှိ သိမ်းဆည်း ရရှိခဲ့ပြီး ကျော်ဇင်ဦးမှာ ငွေများနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
 
ထွက်ပြေး တိမ်းရှောင်နေသူ ကျော်ဇင်ဦးအား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် နေထိုင်သွားလာတတ်သော နေရာများသို့ သွားရောက်စုံစမ်းခြင်း၊ ရန်ကုန်မြို့အတွင်း ပိတ်ဆို့ရှာဖွေခဲ့ခြင်း၊ ကျော်ဇင်ဦး သွားရောက်နိုင်သည့် နေရာများရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦး၏ ဓာတ်ပုံကို ဖော်ပြ၍ ဖမ်းဆီးရမိရေးအတွက် အသိပေး ကြော်ငြာခြင်းတို့ကို ဆောင် ရွက်ခဲ့သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ အစီအမံဖြင့် မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များက သတင်းကွင်းဆက် မပြတ်စေရေး အတွက် စဉ်ဆက်မပြတ် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦးသည် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံ ကျေးရွာအုပ်စု၊ စက်မှုဇုံ (၃)၊ ဗန်းမော်အတွင်းဝန်လမ်း၊ တိုက်(၂)၊ အခန်း(၁)ရှိ ဒေါ်မြမြဦး အဆောင် တွင် ငှားရမ်း နေထိုင်နေကြောင်း စုံစမ်းသိရှိရပြီး ကျော်ဇင်ဦးမှာ အဆောင်တွင်မရှိဘဲ သော့ခတ် ပိတ်ထားသဖြင့် ရဲတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လျှို့ဝှက်စွာ စောင့်ကြည့်လျက်ရှိစဉ် အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၅ အချိန်တွင် ၎င်းငှားရမ်းနေထိုင်သည့် အဆောင်သို့ ပြန်လာသဖြင့် အဆောင်ရှေ့ လမ်းမပေါ်တွင် ကျော်ဇင်ဦး အား ဖမ်းဆီးရမိခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့်အတူ အဆောင်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ခိုးယူလာသည့် ငွေများကို အဆောင်အခန်းအတွင်း အိပ်ယာကွပ်ပျစ် အောက်တွင် သံသေတ္တာနှင့် လက်ဆွဲအိတ်တို့ဖြင့်ခွဲ၍ ဝှက်သိမ်း ထားကြောင်း တွေ့ရပြီး ၎င်းခိုးယူလာ သည့် ငွေများအနက် ကျပ် ၁၂၉၁ သိန်းနှင့် အခြားပစ္စည်းများကို တွေ့ရှိ သိမ်းဆည်း ရရှိခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် Diamond Dragon Co.LTD ပိုင်ငွေများ ခိုးယူထွက်ပြေးသည့် ကုမ္ပဏီဝန်ထမ်း ယာဉ်မောင်း ကျော်ဇင်ဦးအား အခင်းဖြစ်ပြီးနောက် ၇ ရက်အတွင်း ဖမ်းဆီးရမိ ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူအား ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment