ကုလညီလာခံသို့ အတိုင်ပင်ခံပုဂ္ဂိုလ် မတက်ရောက်သည်မှာ အချက်လေး ချက်ကြောင့်ဖြစ်ဟု ဦးဇော်ဌေး ပြောကြား

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ခြင်းမှာ အချက်လေးချက်ကြောင့် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင် ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
 
“တရားဝင်ပြောလို့ရတာ အတိုင်ပင်ခံ မသွားပါဘူး၊ ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူသွားမှာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှင်းလင်းမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ မသွားဖြစ်တာ အချက်လေးချက် ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
 
ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်သူများကို ပြန်လည် စုစည်းပြီး လူသားချင်း စာနာထောက်ထားမှုများ လုပ်ဆောင်ရန်၊ ပြည် တွင်း တွင် အစိုးရဆန့်ကျင် ဆန္ဒပြမှုများရှိနေပြီး လူမျိုးရေး ဘာသာရေး ဘက်စွဲသည့် ပဋိပက္ခဖန်တီးမှုများ ရှိနေခြင်းကြောင့် ပြည်တွင်း တည်ငြိမ် ရေးအတွက် အထူးအလေးထား လုပ်ဆောင်နေရသည့် အနေအထား ဖြစ်နေခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်သည့် သတင်း အချက်အလက်များ ရရှိထားခြင်းကြောင့်လည်း လုံခြုံရေးကို အလေးထား ဆောင်ရွက်နေခြင်းနှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ခွဲစိပ်ကုသမှု အောင်မြင်သော်လည်း ဆေးရုံ ဆက်လက်တက်နေရခြင်း တို့ကြောင့် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် လာမည့်အပတ်အတွင်း နိုင်ငံတော် အခြေပြု မိန့်ခွန်း ပြောကြား သွားမည်ဖြစ်ပြီး ပြည်ပ သတင်း ထောက်များ အနေဖြင့် သတင်းရယူချင်ပါက ဗီဇာလျှောက်ထားသည့်အခါ မြန်မြန်ဆန်ဆန် ရရှိရန်လည်း ဆောင်ရွက်ထားပြီး တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ဆက်လက်ပြောကြား ခဲ့သည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment