ဘာသာရေးနှင့် လူမျိုးရေးဆန်ဆန် ပဋိပက္ခများ ဖြစ်ပွားပါက အစိုးရအကျပ်အတည်း ဖြစ်မည်ဟု ယူဆနေပြီး ပဋိပက္ခ ဖန်တီးမှုများကိုလည်း ကာကွယ်သွားမည်ဟု ဦးမင်းကိုနိုင်ပြောကြား

ဘာသာရေးနှင့် လူမျိုးဆန်ဆန် ပဋိပက္ခများ ဖြစ်ပွားပါက လက်ရှိ အစိုးရ အကြပ်အတည်း ဖြစ်မည်ဟု ယူဆနေသော သူများရှိနေပြီး ပဋိပက္ခဖြစ်အောင် ဖန်တီနေမှုများကို ကာကွယ်သွားမည်ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်က ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁၃ ရက်က ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရန်ကုန်ရုံးချုပ်တွင် ပြုလုပ်သော ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်၌ ပဋိပက္ခများ ပေါ်ပေါက်ပြီးတိုင်း နောက်ဆက်တွဲ အနေဖြင့် ပြည်မမှာပါ လူမျိုးရေး၊ ဘာသာရေးဆန်ဆန် ပဋိပက္ခများ ဖြစ်ပွားရသည်မှာ ဘာကြောင့်ဟု ထင်မြင်ပါသလဲဆိုသည့် The Ladies News ၏ မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

`ဘာဖြစ်ဖြစ် အဲဒါတွေဖြစ်ရင် လက်ရှိအစိုးရ အကြပ်အတည်း တွေ့မယ်လို့ တွေးလိမ့်မယ်။ အဲတော့ အကြပ်အတည်းတွေ့တော့ ဘာဖြစ်လဲ၊ ဘာများ ပိုပြီးထူးခြားသွားမှာလဲ၊ ဒီတိုင်းပြည် ဘာများ ကောင်းသွားမှာလဲ ပြန်ပြီး မေးခွန်းထုတ်စရာ ရှိတယ်။ တကယ်တော့ လက်ရှိအခြေအနေဟာ ကျွန်တော်တို့ ချစ်ခြင်း၊ မုန်းခြင်းတွေ ခ၀ါချပြီးတော့ တကယ် ကျောချင်းကပ်ရမှာ။ ဖြူဖြူစင်စင် ဒီတိုင်းပြည်ကို အကျိုးစီးပွားရှိတဲ့ သူမျိုးဆိုရင် ကျောချင်းကပ်ချင်တဲ့ အချိန် ဘာဖြစ်လို့လဲ ကျွန်တော်ပြောပြီးပြီ။ အစွဲတွေ ကင်းကင်းနဲ့ ကာကွယ်ကြရမယ့် အချိန်၊ နိုင်ငံတကာမှာ ၀ါဒဖြန့်တာကို ခံထားရတာကိုက ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့တွေကပဲ အနိုင်ကျင့်သလို ပုံဖော်ခံနေရတဲ့ အချိန်မျိုးမှာ နောက်ထပ်၊ နောက်ထပ် အဲဒါမျိုးကို ပိုအားကောင်းစေတဲ့ အရာမျိုးတော့ ဘယ်သူမှ မိုက်မိုက်မဲမဲ မဖန်တီးပါနဲ့၊ ဖန်တီးရင်တော့ ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အစွမ်းရှိသမျှ ကာကွယ်သွားမှာပါ` ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

မြို့နယ်များကို စနစ်တကျ ရွေးချယ်ကာ ပဋိပက္ခများကို ဖန်းတီးနေခြင်းဖြစ်ပြီး လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်ကို ကြည့်မည်ဆိုပါက အကြမ်းဖက်မှု တစ်မျိုးတည်း မဟုတ်ပဲ ဓနဥစ္စာများကိုပါ လုယူခြင်းများ ရှိနေကြောင်း အကျိုးစီးပွားများပါ ပုံသဏ္ဍာန်မျိုးစုံနှင့် ပါဝင်နေသည်ဟု ဦးမင်းကိုနိုင်က
သုံးသပ်ပြောကြားသည်။

`ရွေးတဲ့သူတွေကတော့ ဗေဒင်၊ ယတြာ အရလည်း ဖြစ်လိမ့်မယ်။ နောက်ပြီးတော့ အားနည်းတယ် ထင်တဲ့ နေရာဖြစ်လိမ့်မယ်။ ပျံ့နှံ့လွယ်တဲ့နေရာလို့ စဉ်းစားကောင်းလည်း၊ စဉ်းစားလိမ့်မယ်ပေါ့။ ပြီးတော့ သူတို့မြှုပ်နှံထားတဲ့ ကျွန်တော်တို့ မမြင်နိုင်တဲ့ အရာတွေလည်း တခြားရှိမှာပေါ့။ အခုဖြစ်လာတာက သေချာပြန်ကြည့်ရင် တချို့ဟာတွေက ပစ္စည်းတွေကို တကယ်တော့ လုသွားတာ။ သဘောကတော့ ပြောရင် မင်းတို့ ဒီဟာကိုဖန်တီးပြီးရင် အဲဒီမှာရတဲ့ ပစ္စည်းတွေကို မင်းတို့ယူသွားဆိုတဲ့ ပုံစံအထိ ကျွန်တော်တို့တွေ့နေရတယ်။ ဒါက ရိုးရိုးသားသား လူမျိုးရေး၊ ဘာသာရေး ဖြစ်တာမဟုတ်ဘူး။ အကြမ်းဖက်ပြီးတော့ လုယူသွားချင်တဲ့ ဥစ္စာပစ္စည်းတွေကိုပါ၊ ဓနအင်အားတွေကိုပါ လူယူတဲ့ပုံစံမျိုး တွေ့နေရတဲ့ အတွက်ကြောင့် အကျိုးစီးပွားပါ ပုံသဏ္ဍန်မျိုးစုံနဲ့ ပါနေတယ်ဆိုတာ ကျွန်တော်တို့ မြင်လို့ရတယ်` ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဘူးသီးတောင် မောင်တောဒေသရှိ ဒုက္ခသည်များကို ကူညီ ထောက်ပံ့ရေး ပစ္စည်းများ သွားရာက်ပေးအပ်ခဲ့သည့် စမ်းချောင်းကိုကိုကြီး၊ မနီလာသိန်းနှင့် မမီးမီးတို့က ၄င်တို့တွေ့မြင် ကြုံတွေ့ခဲ့ရသည်များကို သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

အောင်ရဲနောင်
The Ladies News

Vote: 
Average: 5 (1 vote)

Add new comment