ဂျပန်နိုင်ငံရှိ ကုလရုံးရှေ့သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအား အကြွင်းမဲ့ ထောက်ခံကြောင်း ဂျပန်ရောက်မြန်မာများ ဆန္ဒထုတ်ဖော်

ဂျပန်ရောက်မြန်မာများ ဂျပန်နိုင်ငံ၊ Shibuya ရှိ ကုလသမဂ္ဂ ( UN ) ကုလ ရုံးရှေ့သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အား အကြွင်းမဲ့ ထောက်ခံကြောင်း ယနေ့ (စက်တင်ဘာ ၁၃ ရက်) နေ့လယ်ပိုင်း ဆန္ဒ ထုတ်ဖော်မှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာများထံမှ သိရသည်။
 
ဆန္ဒထုတ်ဖော်သူများ အနေဖြင့် လက်ရှိ အချိန်တွင် နိုင်ငံတကာနှင့် မွတ်ဆလင် အသိုင်းအ၀ိုင်းမှ ဘင်္ဂလီ အရေးကိစ္စ ပတ်သက်ပြီး နိုင်ငံတော် ၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်တိုက်ခိုက်မှုများ ဖိအား ပေးမှုများ ရှိလာသည်။
 
၎င်းအပေါ် ဂျပန်ရောက် မြန်မာနိုင်ငံသားအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အစိုးရအား လုံးဝအကြွင်းမဲ့ ထောက်ခံကြောင်း ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ဆန္ဒပြပွဲသို့ ဂျပန်နိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံသားများမှ စုပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံသား ၆၀၀ ဦး ခန့်တက်ရောက် ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုအောင်ထွန်းလေးက ၎င်းကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။
 
အခမ်းအနားတွင် တက်ရောက်လာကြသူများက “အစွန်းရောက် အကြမ်းဖက်သမားများ ... အလိုမရှိ”၊ “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံတော်အစိုးရအား ... ထောက်ခံပါသည်” နှင့် “ရိုဟင်ဂျာ ဆိုသည်မှာ ... ပြည်ထောင်စု မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး မဟုတ်” ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း သိရသည်။
 
၎င်းတို့အနေဖြင့် စက်တင်ဘာ ၈ ရက်နေ့က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဘင်္ဂလီများအား ထောက်ခံသူများက ဆန္ဒပြခြင်းအပေါ် တန်ပြန်ဆန္ဒပြခြင်းများ ပြုလုပ်ပြီးနောက် ယခုအခါတွင် ကုလ ရုံးရှေ့သို့ သွားရောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်းသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။
 
စိုင်းဟန်
ဓာတ်ပုံ- Aung Tun Lay(FB)
The Ladies News
 

 

Vote: 
No votes yet

Add new comment