ကာလုံ အစည်းအဝေး မခေါ်သောကြောင့် ဘူးသီးတောင်၊ မောင်တော ဒေသရှိ တိုင်ရင်းသားများ၏ အသက်အိုးအိမ်ကို အကာကွယ် မပေးဘူး လားဟု ဦးမင်းကိုနိုင် မေးခွန်းထုတ်

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသရှိ တိုင်းရင်း သားများ၏ အသက်အိုးအိမ်ကို အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီ (ကာလုံ) အစည်းအဝေး မခေါ်သောကြောင့် အစိုးရက အကာကွယ် မပေးဘူးလားဟု ဦးမင်းကိုနိုင်က မေးခွန်းထုတ်လိုက်သည်။
 
စက်တင်ဘာ လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးချုပ်တွင် ပြုလုပ်သော ရခိုင်းအရေးနှင့် ပတ်သတ်သည့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ၏ အမြင်သဘောထားများကို ပြောကြားသည့် သတင်းစာ ရှင်းလင်းပွဲအပြီးတွင် The Ladies News က ကာလုံ အစည်းအဝေး ခေါ်ယူရန် ပါတီအဖွဲ့အစည်း တချို့က တောင်းဆိုနေခြင်းနှင့် ပတ်သတ်ပြီး ဦးမင်းကိုနိုင်၏ အမြင်သဘောထားကို မေးမြန်ရာတွင် ၄င်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 
`ဆိုလိုတာက ကျွန်တော်က မေးခွန်းနဲ့ ပြန်မေးရမှာ။ ကာလုံ မခေါ်သေးသ၍ အဲဒါကို မကာကွယ်ပေးဘူးလား၊ အဲဒီနိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို မကာကွယ်ဘူးလား၊ ကာလုံမခေါ်ပေးရုံ တစ်မျိုးထဲနဲ့ မကာကွယ်ဘူးလား၊ အဲဒါကျွန်တော့်ရဲ့ အဖြေပဲ` ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။
 
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ၄င်း၏ မဟာမိတ်ပါတီများ စက်တင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော သဘေားထား ကြေညာချက် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သတ်ပြီး အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူရန် အစိုးရကို တိုက်တွန်းထားသည်။
 
အလားတူပင် တပ်မတော်က သြဂုတ်လ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာ တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ အကြမ်းဖက်သမားတို့၏ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းက အကြမ်းဖက် တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မီးရှို့မှု ဖြစ်စဉ်များ ယခုထက်ပိုပြီး ပြင်းထန်လာပါက မိမိနိုင်ငံ၏ အနောက်တံခါး ကျိုးပေါက်သွားနိုင်ပြီး အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်အဖွဲ့၏ အန္တိမ ရည်မှန်းချက် ဖြစ်သည့် လွတ်မြောက်နယ်မြေ ဖြစ်သွားနိုင်သောကြောင့် နိုင်ငံတော် လုံခြုံရေး ဆောင်ရွက်မှုတွင် အဆင့်အမြင့်ဆုံး ဖြစ်သည့် အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူ၍ လိုအပ်သလို ညှိနှိုင်း လုပ်ဆောင်သွားရမှာ ဖြစ်ပါသည်ဟု ပြောကြားခဲ့သည်။
 
အောင်ရဲနောင်
Photo - The 88 Generation Peace and Open Society
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment