ခ၀ဲခြံမျက်မမြင်ကျောင်းမှ အသက် ၁၈ နှစ်အထက် မျက်မမြင်များကို ထောက်ပံ့ကြေးပေးနိုင်ရန် ပြည်ထောင်စုအဆင့် ညှိနှိုင်း ဆောင်ရွက် သွားမည်

ရန်ကုန်မျက်မမြင် သင်တန်းကျောင်း(ခ၀ဲခြံ) တွင် ပညာသင်ကြားနေသည့် အသက် ၁၈ နှစ်အထက် မျက်မမြင်များကို ထောက်ပံ့ကြေးပေးနိုင်ရန် ပြည်ထောင်စုအဆင့် ညှိနှိုင်းပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ဦးရန်ရှင်းက ရန်ကုန်မျက်မမြင် သင်တန်းကျောင်း (ခ၀ဲခြံ) တွင် ပညာ သင်ကြားနေသော မျက်မမြင် ကျောင်းသား/သူများအား အသက် (၂၁)နှစ် ဘွဲ့ရရှိသည်အထိ ထောက်ပံ့ကြေး ပေးအပ်ရန် စီစဉ်ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ ၊ မရှိပါက အဘယ်ကြောင့် ဖြစ်သည်ကို သိလိုကြောင်း မေးမြန်းဖြေကြားမှုများ ပြုလုပ်ပြီးနောက် ထပ်ဆင့်မေးခွန်းအား ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
“လူမှုဝန်ထမ်းကို လျှောက်ထားတဲ့အခါ ဌာနကပြောတယ်။ ၁၈ နှစ်အထက် တွေ ချန်ထားခဲ့ဖို့ ပြောတဲ့အတွက် ၁၈ နှစ်အထက်တွေ ချန်ထားခဲ့ရပါ တယ်။ မျက်မမြင်ဆိုတာ အခြားမသန်စွမ်းနဲ့တောင် မတူပါဘူး။ မျက်စိမမြင်တဲ့အတွက် လူတစ်ယောက်ကိုမှီခိုပြီး အမြဲတမ်းသွားလာနေရတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့ တက္ကသိုလ် ကျောင်းသားများကိုလည်း အခြား ၁၈ နှစ်အောက် ကလေးတွေ ပေးသလိုပဲ ဆက်လက်ပေးသွား စေချင်သလို ၁၈ နှစ်ကျော်ပြီး တက္ကသိုလ်မတက်တဲ့ မျက်မမြင်များ အတွက်ကိုလည်း ထိုက်သင့်တဲ့ ဒီလိုနှုန်းထားကြီးနဲ့ မပေးနိုင်ရင်တောင် သင့်တော်တဲ့ နှုန်းထားနဲ့ထောက်ပံ့ပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်”ဟု ဦးရန်ရှင်းက ထပ်ဆင့်မေးခွန်း မေးမြန်းရာတွင် ပြောဆိုခဲ့သည်။
 
“ကျွန်တော်တို့က မသန်စွမ်းမှာ မျက်မမြင်ကို အဓိကဦးစားပေးပါတယ်။ အခုဆိုရင်လည်း ကြည့်မြင်တိုင် မျက်မမြင်ကျောင်း ဆိုရင်လည်း ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး ပြောတာကိုလည်း ပြည်ထောင်စုအဆင့်နဲ့ ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက် ပေးသွားပါမယ်”ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ဇော်မင်းထွန်း
The Ladies News

 

Vote: 
No votes yet

Add new comment