အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် ဇွန်လ ၁၂ ရက်မတိုင်ခင် ချင်းမိုင်၌ တွေ့ဆုံရန် UNFC အကြောင်းပြန်၊ မူအားဖြင့် သဘောတူညီထားသည့် အချက်ကိုးချက်၊ (KIA)နှင့် `၀`နုတ်ထွက်ခွင့်ပြုရေး ကိစ္စများ ဆွေးနွေး ဆုံးဖြတ်မည်

အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) က NCA တွင် လက်မှတ်ရေးထိုး နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ပြုလုပ်ရန် ကမ်းလှမ်းချက်ကို အဆိုပါနေ့ ရက်မှာပင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက (UNFC) က ဇွန် ၁၂ ရက်မတိုင်ခင် ထိုင်နိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံမည်ဟု အကြောင်းပြန်ကြားခဲ့ကြာင်း UNFC မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က The Ladies News သို့ ဇွန် ၇ ညနေ ၄ နာရီကျော်က ပြောကြားသည်။ အစိုးရငြိမ်း ချမ်းရေး ကော်မရှင် (PC) က ဇွန်လ ၂ ရက်နေ့ တွင် UNFC ဘက်သို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ဇွန်လ ၁၂ ရက်မတိုင်ခင် ချင်းမိုင်မြို့၌ တွေ့ဆုံမည်ဆိုသည့် UNFC ၏ အကြောင်းပြန်ကြား ချက်ကိုလည်း ရန်ကုန်မြို့၌ တွေ့ဆုံလိုသည်ဟု အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) ဘက်က ဇွန်လ ၅ ရက်နေ့ တွင် ပြန်လည် အကြာင်းကြားခဲ့ပြီး အဆိုပါကိစ္စကို ဆက်လက်ညှိနှိုင်းနေ သည်ဟု ဦးထွန်းဇော်က ဆက်လက်ပြောကြားသည်။
 
“ငြိမ်းချမ်းရေး ကော်မရှင် ဘက်ကနေ ဇွန်လ ၅ ရက်က ပြန်လည်ညှိနှိုင်း လာတယ်။ ညှိနှိုင်းလာတဲ့အချက်က သူတို့ဘက်ကတော့ ရန်ကုန်မှာ လာတွေ့ဖို့ညှိနှိုင်းတယ်။ ကျွန်တော်တို့ ဘက်ကတော့ ရန်ကုန်ကိုသွားဖို့ အတွက် အချိန်မရှိဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ အဖွဲ့ဝင်တွေ စုစည်းရဦးမယ်။ ပြင်ဆင်ရဦးမယ်။ အဲဒါကြောင့် ကျွန်တ်ာတို့ဘက်က အဆိုပြုထားတဲ့ ဇွန်လ ၁၂ ရက်မတိုင်ခင် ချင်းမိုင်မှာ အလွတ်သဘော တွေ့ဖို့ကို ညှိနှိုင်းတယ်၊ အဲဒီမှာတွေ့ဖို့ ပြန်လည်ညှိနှိုင်းပေးဖို့ကို အကြောင်းကြားထားတာ ရှိပါတယ်။ အဲဒါ နောက်ဆုံး အခြအနေပါ” ဟု ဦထွန်းဇော်က ပြောကြားသည်။
 
အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် UNFC တို့ တရားဝင် ငါးကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု အပြီးတွင် ရရှိခဲ့သည့် UNFC ၏ တောင်းဆိုချက် ကိုးချက်ကို မူအားဖြင့် သဘောတူညီသည် ဆိုသည့်အချက် ကိုသာ ရရှိခဲ့ပြီး NCA တွင် လက်မှတ်ရေးထိုးရန်မှာ မရေမရာ ဖြစ်နေ ဆဲဖြစ်သည်။ ယခု တွေ့ဆုံမည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် အဆိုပါအချက်ကို ဆက်လက် ဆွေးနွေးမည်ဟုလည်း ၄င်းက ပြောကြား သည်။
 
ယခု ဇွန်လ တတိယပတ်တွင် ကျင်းပမည့် UNFC ညီလာခံတွင် UNFC မှ နုတ်ထွက်စာ တင်ထားသည့် ကချင်လက်ကိုင်အဖွဲ့ (KIA) ၊ `၀` အမျိုးသား အဖွဲ့ချုပ် (WNO) တို့အား နုတ်ထွက်ခွင့်ပြုရေး ကိစ္စကို ဆွေးနွေး ဆုံးဖြတ် သွားမည်ဟု ဦးထွန်းဇော်က ဆက်လက်ပြောကြားသည်။
 
မေလ ၂၄ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် အစိုးရက ဖိတ်ကြားခဲ့သော်လည်း လေ့လာသူအဖြစ် တက်ရောက်ရမည်ကို လက်မခံသောကြောင့် UNFC က အစိုးရ၏ တောင်းဆိုမှုကို ပယ်ချကာ ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။
 
UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment