KIA၊ MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အတည်ပြုခဲ့ခြင်းအပေါ် UWSA ကန့်ကွက်

ရှမ်းပြည်နယ် လွှတ်တော်တွင် KIA၊ MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အတည်ပြုခဲ့ခြင်းအပေါ်  “၀”ပြည်နယ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုယ့်အကျိုးအမြတ်အတွက် ရှမ်းပြည်နယ်လွှတ်တော်ကို အသုံးချပြီး အဖွဲ့အစည်း လေးဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းသည် ပဋိပက္ခများကို ဖြေရှင်းနေသည် မဟုတ်ဘဲ ရန်ငြိုးများ၊ ဆန့်ကျင်မှုများကို သာ ပိုမိုဖြစ်ထွန်းစေမည်။ လူနည်းစု တိုင်းရင်းသားများ အပေါ် အငြိုးကြီးစွာထားပြီး ၎င်း တို့၏ တောင်းဆိုချက်များကို လက်နက်အင်အားဖြင့် သာ ဖိနှိပ် ၊ ခြိမ်းခြောက်နေမည်ဆိုလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ အဆုံးသတ်နိုင်မည် မဟုတ်ဘဲ ၊ ပြည်တွင်းစစ်မှာ မဲပေး ဆုံးဖြတ်ချက်အပေါ်မူတည်၍ ဆက်လက် ရှည်တန့်သွားမည်ဟု UWSA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက် တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အကြမ်းဖက်အဖြစ် သတ်မှတ်ရန် တင်ပြမှုကို လွှတ်တော်က ငြင်းပယ်ခဲ့သော်လည်း တပ်မတော်က လွှတ်တော်၏ ငြင်းပယ်ခြင်းများကို ဂရုမစိုက်ကြဘဲ ရှမ်းပြည်နယ် လွှတ်တော်တွင် ထပ်မံတင်ပြ ဆွေးနွေးခဲ့ပြီး အတည်ပြုခဲ့သည်။ ယင်းသို့သော အပြုအမူသည် ရှမ်းပြည်နယ်၏ တရားဥပဒေ၊ အုပ်ချုပ်ရေး များကို ရှုပ်ထွေးစေရုံသာမက တိုင်းရင်းသားများအကြားရှိ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုများကို လွန်စွာဖျက်ဆီးနေပြီး ရှမ်းပြည်နယ်ကို ပိုမိုပြိုကွဲစေနေသည်။ ထို့အပြင် ပြည်ထောင်စု အစိုးရက အစွမ်းကုန် ကြိုးပမ်းနေသော တိုင်းရင်းသားရင် ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလမ်းစဉ်များကို လွန်စွာ ထိပါးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်းကြာရှည်သော ပြည်တွင်းစစ်သည် လူနည်းစု တိုင်းရင်းသားတို့ နိုင်ငံရေး အခွင့်အရေး မမျှတမှုနှင့် အာမခံမရှိမှုများကြောင့် လူနည်းစု တိုင်းရင်းသားများက ပြန်လည်တော်လှန်နေခြင်း ဖြစ်သည်။ ထို့ကြောင် “၀” ပြည်နယ်မှ တပ်မတော် အပါအ၀င် ပြည်ထောင်စုအစိုးရမှ ရာဇ၀င်ရန်ငြိုးများကို အတိတ်တွင် ချန်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသား ရင်ကြားစေ့ရေးနှင့် အားလုံး ပါဝင်ရေးမူကို ထောက်ခံကာ ငြိမ်းချမ်းသော နိုင်ငံရေး ဆွေးနွေးပွဲများဖြင့် တိုင်းရင်းသား ပဋိပက္ခများကို ဖြေရှင်းမှသာလျှင် ပြည်တွင်းစစ်များကို အဆုံးသတ်နိုင်မည်ဟု သုံးသပ်မိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဇော်မင်းထွန်း

The Ladies News

Vote: 
No votes yet

Add new comment