အစားကြေးများတဲ့ ကလေးတွေကို အစားစားချင်အောင် ဘယ်လိုကျွေးမလဲ || ကျန်းမာရေး ||

ကလေးရှိတဲ့ မိဘတွေမှာ စိတ်အညစ်ဆုံး အလုပ်ကတော့ ကလေးတွေကို အစာဝင်အောင် ဘယ်လိုကျွေးရမလဲ ဆိုတာပါပဲ။ ကြီးထွားဖွံဖြိုးခါစ ကလေးတွေအတွက် အစာဝင်ဖို့ အရေးကြီးပါတယ်။ အစားစားခြင်းက အင်အားဖြစ်စေသလို ကိုယ်ခံအားလည်း ကောင်းစေတာမို့  နေမကောင်း ခဏခဏဖြစ်ခြင်းကလည်း ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကလေးက အစာကို အလွယ်နဲ့ မစား ၊ ကြေးများတဲ့ ကလေး ဖြစ်နေတာဟာ အတော်လေး စိတ်ညစ်စရာ ကောင်းပါတယ်။
 
အောက်ကအချက်တွေကတော့ ကလေးအာဟာရပညာရှင်တွေ အကြံပြုထားတဲ့ အစာကြေးများတဲ့ ကလေးတွေကို အစာစားချင်လာအောင် ကျွေးတဲ့နည်းပါ။
 
● အစာမစားချင်ရင် ဇွတ်မကျွေးပါနဲ့
 
ကလေးက ဗိုက်မဆာဘူးဆိုရင် ထမင်းဖြစ်ဖြစ်၊ မုန့်ဖြစ်ဖြစ် ဇွတ်မကျွေးပါနဲ့။ မဆာတဲ့ အခါ ဇွတ်ကျွေးနေရင် သူ့ အနေနဲ့ အစာစားရမှာကို စိတ်ညစ်လာပါလိမ့်မယ်။ အစာစားတဲ့ အချိန်တိုင်းကို စိတ်တိုစရာ၊ ဒေါသထွက်စရာ အချိန်လို့ ထင်လာပါလိမ့်မယ်။ ဒါကြောင့် ကလေးအတွက် စားစရာကို တစ်ခါစား နည်းနည်းလေးတွေလုပ်ပြီး အမြည်းကျွေးသလို ကျွေးကြည့်ပါ။ သူကြိုက်လာရင် ထပ်ပြီးတော့ စားနိုင်တယ်ဆိုတာ အသိပေးပါ။
 
● အချိန်မှန်ကျွေးပါ
 
နေ့လယ်စာ၊ ညစာနဲ့ သွားရေစာတွေကို နေ့တိုင်း အချိန်မှန်သတ်မှတ်ပြီး ကျွေးပေးပါ။ အစာကျွေးတဲ့ အချိန်မှာ နို့၊ ဒါမှမဟုတ် အသီးဖျော်ရည်ကို တိုက်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ အချိန်မှာတော့ ရေပဲတိုက်ပေးပါ။ နို့တွေ၊ ဖျော်ရည်တွေကို ကလေးတွေကို ခဏခဏ သောက်ခိုင်းရင် ဗိုက်ပြည့်နေတတ်ပြီး အစာ ကောင်းကောင်း မစားချင်တော့ပါဘူး။ ဖျော်ရည်ကို တစ်နေ့ တစ်ခွက်ထက် ပိုမတိုက်သင့်ပါ။
 
● အစားအစာ အသစ်အဆန်းတွေ ကျွေးတဲ့အခါစိတ်ရှည်ပါ
 
ကလေးတွေက မကြာခဏဆိုသလို အစာအသစ်အဆန်းတွေကို အနံ့ခံကြည့်၊ မြည်းကြည့် တတ်ပါတယ်။ ဒါပေမဲ့ နည်းနည်းသာကျွေးပြီး သူတို့ပြန်စားချင်တဲ့အထိ စောင့်နေပါ။ အစားအသစ် မကျွေးခင် အနံ့နဲ့ ယဉ်ပါးအောင် အရင်လုပ်ပေးပါ။ သူတို့က စမ်းကြည့်ချင်လာပါလိမ့်မယ်။ အစာတစ်ခုကို သူတို့ စားချင်လာအောင် ပုံစံ၊ အနံ့နဲ့ အရသာကိုပြောပြပါ။ စားလို့ ကောင်းတယ်ဆိုတာထက် ဒါကိုသူတို့က ပိုစိတ်ဝင်စားပါတယ်။ အစားအစာအသစ်ကို သူတို့ကြိုက်တဲ့ အစားအစာနဲ့ တွဲကျွေးပါ။
 
● အစားစားတဲ့အခါ ပျော်အောင်လုပ်ပေးပါ
 
သူတို့ကြိုက်တဲ့ အစားအစာကို လှပအောင် ပုံဖော်တာတို့၊ လှလှပပပြင်တာတို့ လုပ်ပေးပါ။ အစားအစာ ကျွေးတဲ့အခါမှာလည်း အရောင်တောက်တောက်လေးတွေနဲ့ ပြင်ဆင်ကျွေးပါ။ အသီးလေးတွေကို လှလှပပ လှီးထားပြီး သူတို့ဘာသာ စားကြည့်ဖို့ ကိုယ်က ပေးပေးပါ။
 
● သူတို့ အကူအညီကိုယူပါ
 
ဈေးသွားတဲ့အခါ ကလေးတွေကို သူတို့ကြိုက်တဲ့ အသီးအရွက်နဲ့ အသီးအနှံကို သူတို့စိတ်ကြိုက် ရွေးခိုင်းပါ။ သူတို့ မကြိုက်တာကို မဝယ်ပါနဲ့၊ အိမ်မှာလည်း သူတို့ကို အသီးအရွက်တွေကို ရေဆေးခိုင်းတာတို့ ထမင်းစားပွဲ ပြင်ခိုင်းတာတို့ လုပ်ခိုင်းပေးပါ။ သူတို့ကိုယ်တိုင် ရွေးချယ်ပြင်ဆင်တဲ့ အစာ စားရတာကို ကလေးတွေက သဘောကျပါတယ်။ ဂုဏ်လည်း ယူပါတယ်။
 
● ကိုယ်တိုင်ကလည်း နမူနာကောင်းဖြစ်ပါစေ
 
ကိုယ်ကလည်း ကလေးတွေ စံပြဖြစ်အောင် ကျန်းမာရေးနဲ့ညီအောင် စားပြဖို့လိုပါတယ်။ ဒါမှလည်း ကလေးတွေက ကိုယ်စားသလို လိုက်စားမှာပါ။
 
● အစားစားချိန်မှာ အနှောင့်အယှက်တွေ ဝေးပါစေ
 
ကလေးတွေ အစာစားချိန်မှာ တီဗီကိုပိတ်ပါ။ ဖုန်းတို့ အိုင်ပက်တို့ကိုလည်း ပိတ်ထားပါ။ ဒါမှ ကလေးက အစာစားတာကို အာရုံစိုက်မှာပါ။ နောက်တစ်ခု သတိထားရမှာက တီဗီကြော်ငြာတွေဟာ ကလေးတွေကို အာဟာရမရှိတဲ့ အစာတွေ အချိုတွေ ပိုစားလာအောင် တွန်းအားပေးနေတယ် ဆိုတာပါပဲ။
 
● ဒီလိုတွေ ပြောင်းလဲလို့မှ ကလေးက အစာမစားချင်သေးဘူး ဆိုရင်တော့ ဆရာဝန်ကိုပြဖို့ လိုပါပြီ။ ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တာကို ဆက်လုပ်ပါ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အစာကြေးများတဲ့ ကလေးတွေကို အစာစားဝင်အောင် ကျွေးဖို့ဆိုတာက နေ့ချင်းညချင်းတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ အချိန်ယူရပါမယ်။ အချိန်ယူပြီး စိတ်ရှည်လက်ရှည်ကျွေးပေးပါ။
 
လင်းလင်း
ကိုးကား - http://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/childrens-health/art-20044948?pg=2
The Ladies News
 

 

Vote: 
No votes yet

Add new comment