၂၁ ရာစု ပင်လုံညီလာခံတွင် KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားသည့် မိန့်ခွန်း

အားလုံး မင်္ဂလာပါ ကျွန်တော့်နာမည် ဦးအင်ဘန်လပါ။ UNFC ရဲ့ ဥက္ကဋ္ဌနဲ့ KIO ရဲ့ ဒုဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားများက ကျွန်တော့်ကို ဗိုလ်ချုပ်ကြီး အင်ဘန်လလို့ ခေါ်ကြပါတယ်။ အခု ဒီညီလာခံကို ကျွန်တော်တို့ KIO အဖွဲ့က ဒီ NLD အစိုးရနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ရော ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အခက်အခဲ ပေါင်းစုံကြားကနေ မဖြစ်မနေ တက်ရောက်လာကြတာ ဖြစ်ပါတယ်။ ယနေ့ နိုင်ငံ့အကြီးအကဲ ခေါင်းဆောင် အသီးသီးကနေ ကျွန်တော်တို့ တိုင်းရင်းသားများ အပေါ်မှာရော စစ်ပြေးဒုက္ခသည်များ အပေါ်မှာရော မေတ္တာစေတနာ ကရုဏာသက်တဲ့ အသံတွေကြားရတော့ အင်မတန်မှ နှလုံးစိတ်ထား အေးရပါကြောင်း ပြောကြားလိုပါတယ်။

ဒီအသံတွေဟာ ကမ္ဘာတည်သရွေ့ မြဲပါစေကြောင်းလည်း ဆန္ဒပြုလိုက်ပါတယ်။ တက်ရောက်လာကြတဲ့ လေးစားအပ်ပါသော နိုင်ငံတော် သမ္မတကြီးနဲ့ တကွ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရ လွှတ်တော် တပ်မတော် တိုင်းရင်းသား အသီးသီးမှ ကိုယ်စားလှယ်များ အပါအ၀င် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ တကွ နိုင်ငံတကာမှာ အစိုးရ သံအရာရှိများ ၊ ကမ္ဘာ့မိသားစုနဲ့ တစ်သီးပုဂ္ဂလ အားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နံနက်ခင်းပါလို့ ဦးစွာ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

ဒီနေ့ဟာဖြင့် ကျွန်တော်တို့ တိုင်းပြည်အတွက် ရှည်ကြာလှပြီဖြစ်တဲ့ စစ်ရဲ့ အနိဋ္ဌာရုံတွေကို သင်ပုန်းကားချပြီး ပြည်သူလူထု တစ်ရပ်လုံး မျှော်လင့်တောင့်တ တောင်းဆိုနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ကြဖို့အတွက် ရည်သန်ပြီး ငြိမ်းချမ်းရေး အစပျိုးဖို့ စုစည်းကြတဲ့ နေ့တစ်နေ့လို့ ပြောရပါမယ်။ ဒါကြောင့် မြန်မာပြည် သမိုင်းမှာ ထူးကဲတဲ့ နေ့ထူးနေ့မြတ် ဖြစ်တာကြောင့်မို့လို့ ညီလာခံ တက်ရောက်လာသူ အားလုံးကို နွေးထွေးပါ၊ ကြိုဆိုပါကြောင်းနဲ့ ဒီညီလာခံ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကြိုးပမ်း ဆောင်ရွက်ကြသူ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း ပဏာမ ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ စုံညီစွာ တစ်ဖန်ပြန်ပြီး စုရုံးတွေ့ဆုံကြတဲ့ ဒီညီလာခံနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောလိုတဲ့အကြောင်းရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ တိုင်းပြည်ကြီးကို လွတ်လပ်ရေးရရှိ အောင် ဆောင်ကျဉ်းပေးခဲ့တဲ့ ပင်လုံသဘောတူညီချက်နဲ့ ပတ်သက်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီပင်လုံ သဘောတူညီချက်ကို အကြောင်းပြုပြီး အခုတစ်ခါ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဆိုပြီး ဒီညီလာခံကို ကျင်းပတာ ဖြစ်တဲ့အတွက် ၁၉၄၇ ခုနှစ်က ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေးကို ဆောင်ကျဉ်းပေးခဲ့တဲ့ ပင်လုံသဘောတူညီချက်ကို အစွဲပြုပြီး ဒုတိယအကြိမ် ပင်လုံညီလာခံကို ကျင်းပတယ်လို့ ကျွန်တော့် ရဲ့ စိတ်ထဲမှာ ခံစားရပါတယ်။ ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပင်လုံသဘောတူညီချက်ဟာ ဟိုတုန်းက ရှိခဲ့တဲ့ အခြေခံအောက်ကနေ ဖော်ဆောင်တာ ဖြစ်သလို အခုတစ်ကြိမ်မှာလည်း မတူကွဲပြားတဲ့ အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ဖော်ဆောင် ကျင်းပတယ်လို့ နားလည်ပါတယ်။ ဒါကြောင့် ဟိုတုန်းက ထားရှိခဲ့တဲ့ ပင်လုံစိတ်ဓာတ် ပင်လုံကတိက၀တ် နဲ့ ချုပ်ဆိုခဲ့တဲ့ ပင်လုံသဘောတူညီချက် စာချုပ်တွေဟာ အားလုံးက မပါဝင်ပြီး သဘောတူညီ ချမှတ် လက်မှတ် ရေးထိုးထားခြင်း မရှိသော်လည်း တိုင်းရင်းသား အားလုံးအတွက် ဒီမိုကရေစီရေး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် မျှော်လင့်ချက်ထားသလို ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် မဖော်ဆောင်နိုင်ခဲ့တာက လွဲရင် လွတ်လပ်တဲ့ တိုင်းပြည်တစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ထည်ဝါတင့်တယ်စေခဲ့တာကိုတော့ အားလုံးက ငြင်းပယ်လို့ မရတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်ဆိုတာ အသိပေးလိုပါတယ်။ ဟိုတုန်းက ကျွန်တော်တို့ ပြောခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ စုဖွဲ့ပြီး အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့ ဖြစ်သလိုပဲ အခုကျွန်တော်တို့ ပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဟာလည်း ခွဲထွက်ရေး မဟုတ်ဘူးဆို တာကို ပြောလိုတယ်။ တစ်ခုပဲ ပြောလိုတာကတော့ တန်းတူ ရည်တူ အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်နိုင်ဖို့ တစ်ယောက်နဲ့ တစ်ယောက် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ဘယ်လို အပြန်အလှန် အသိအမှတ် ပြုကြပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြမယ် မျှဝေခံစားကြမယ်။ ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတဲ့ သာစေနာစေ မဟုတ်တဲ့ ညီအစ်ကို မောင်နှမ စိတ်ဓာတ် သို့မဟုတ် ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူကြဖို့တော့ အလွန်အရေးကြီးပါ တယ်။ ဗမာမဟုတ်တဲ့ ကျွန်တော်တို့ တိုင်းရင်းသားတစ်တွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ ကတိ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်ခဲ့ကြလို့ ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီရေး အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲ ဆိုတာကို ပြောလိုပါတယ်။ ဒါကြောင့် ပင်လုံစိတ်ဓာတ် ပင်လုံကတိက၀တ် ပင်လုံသဘောတူညီချက်တွေကို အခြေခံပြီး ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်လပ်လာတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ တန်းတူညီမျှမှုနဲ့ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက် အခု စတင်ကျင်းပ ပြုလုပ်တဲ့ ညီလာခံကနေ ရှေ့ဆက်ပြီး ညီလာခံတွေမှာ ပင်လုံစိတ်ဓာတ် ကတိက၀တ်နဲ့ သဘောတူညီချက်တွေကို ယုတ်လျော့ ပျက်ပျယ် တိမ်းစောင်း မှေးမှိန် စေခြင်း အလျင်းမရှိစေဘဲ အထူးသတိထားပြီး ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်ဆောင်ကြဖို့ အလွန်အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို ဆောင်ရွက်ကြ တဲ့နေရာမှာ စိတ်ရှည်သည်းခံခြင်း သဘောထားကြီးခြင်း နားလည်မှုရှိခြင်း ယုံကြည်မှု ရှိခြင်းနဲ့ ခွင့်လွတ်တက်ခြင်းတို့ကို အခြေခံဖို့လည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ အားလုံးဟာ မတူကွဲပြားတဲ့ သမိုင်းအခြေခံ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ယုံကြည်ကိုးကွယ်မှုနဲ့ ဘာသာစကားတွေကနေ လာကြတာဖြစ်တဲ့အတွက် အပေါ်က ပြောခဲ့တဲ့ စိတ်ရှည်သည်းခံမှု သဘောထား ကြီးမှု ယုံကြည်မှုနဲ့ အပြန်အလှန် အသိအမှတ်ပြုမှုတွေဟာ မရှိမဖြစ် လိုအပ်မှာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ သယံဇာတ ပေါကြွယ်ဝပါလျက်နဲ့ ဆင်းရဲ မွဲတေနေတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အတူတကွ အားကြိုးမာန်တက် ပူးပေါင်း ဆောင်ရွက်ကြဖို့ အစောတလျင် လိုနေပြီလို့ ကျွန်တော့်အမြင်နဲ့ ကဗျာတွေ စာတွေ သီကာပတ်ကုံး ပြောမနေဘဲ ရိုးရှင်းစွာ လိုရင်း တိုရှင်းပဲ ပြောလိုပါတယ်။

ဒီနေရာမှာ ပြောလိုတာကတော့ အားလုံးတန်းတူ ရည်တူ အခြေခံအောက်မှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ညှိနှိုင်းအဖြေရှာ ဆွေးနွေးကြဖို့နဲ့ ပြည်သူလူထု တစ်ရပ်လုံး အကျိုးစီးပွားကို ရှေ့တန်းတင် ပူးပေါင်းလုပ်ဆောင်ကြဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ ဒီညီလာခံဟာ ဖွင့်ပွဲ အခမ်းအနားသာ ဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို ၀ိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် ပထမ ခြေလှမ်းမှု ဖြစ်တာကြောင့် နောင်အဆက်ဆက် ကျင်းပပြုလုပ်မယ့် ညီလာခံတွေအတွက် သေချာစေ့စပ်စေဖို့ ခင်းကျင်းပေးတဲ့ လမ်းကြောင်းအစလည်း ဖြစ်ပါတယ်။ ဒီအစပျိုးမှုဟာလည်း ကောင်းမွန်တဲ့ အစပျိုးမှု ဖြစ်ပါစေကြောင်း ဆန္ဒပြု ရင်းနိဂုံးချုပ်ပါတယ်။

The Ladies News
 

 

Vote: 
No votes yet

Add new comment