နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ်နှင့် သူတို့အမြင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာလီခချန်း၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ သြဂုတ်လ ၁၇ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။
 
**** ဦးစိုင်းကျော်ညွှန့် ( SNLD တွဲဖက်အတွင်းရေးမှူး ၂ )
 
ဒီခရီးစဉ်က အကျိုးရလဒ် များနိုင်ပါတယ်။ တရုတ်နိုင်ငံဆိုတာက ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတော့ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးရော နောက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးအရရော အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ဒီထဲကမှ ပြည်တွင်းငြိမ်းချမ်းရေးမှာ များစွာအထောက်အကူ ပြုမယ်လို့ ယုံကြည်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ကောင်းမွန်စွာကူညီပေးရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးမှာ အကျိုးရှိမှာပါ။ နောက်မြစ်ဆုံစီမံကိန်းဆိုတာ တရုတ်အနေနဲ့ကလည်း အလျှော့ပေးမယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြစ်ဆုံစီမံကိန်းဟာ မြန်မာပြည်သူ တစ်ရပ်လုံးက ကန့်ကွက်ထားတဲ့ စီမံကိန်းဖြစ်လို့ အိမ်နီးချင်းကောင်းပီသစွာ အလျော့ပေးမယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ သံလွင်မြစ်ကိစ္စလည်း ရှိပါသေးတယ်။ သံလွင်ကို ထိခိုက်ရင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ကို ထိခိုက်လာနိုင်ပါတယ်။ ဒါကိုတော့ သူတို့က ဇွတ်တရွတ်လုပ်မယ်လို့တော့ မထင်ပါဘူး။ ပည်သူတို့ရဲ့ စကားသံကို နားထောင်မယ်လို့တော့ မျှော်လင့်ပါတယ်။
 
**** ဦးခင်မောင်လေး (ခ) ဖိုးသောကြာ (သတင်းစာဆရာ)
 
ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နဲ့ ကစားပွဲက သေချာသတိထားရမယ်။ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ အတွက် ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို စောင့်ကြည့်ရမယ်။ မြန်မာက တရုတ်နဲ့ အားလုံးနီးပါး ဆက်စပ်နေတဲ့အတွက် တရုတ်က အမြဲတမ်းအနိုင်ယူနေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က အနိုင်ယူနိုင်ဖို့ လိုပါတယ်။
 
**** ဦးလှမောင် (စီးပွားရေးပညာရှင်)
 
ကမ္ဘာ့ဒုတိယစီးပွားရေး အတောင့်တင်းဆုံး နိုင်ငံဖြစ်လို့ ချစ်ကြည်ရေးက လိုအပ်ပါတယ်။ ပြည်သူတွေကလည်း ကိုယ့်ကို အရမ်းအကူအညီပေးနိုင်တာကို သိဖို့လိုအပ်တယ်။ နိုင်ငံ့ခေါင်းဆောင်ကလည်း တိုင်းပြည်အတွက် အကျိုးရှိတာကို သိတဲ့အတွက် ခရီးစဉ်က အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်လာမှာပါ။ တရုတ်နဲ့ပူးပေါင်းတာက တိုင်းပြည်အတွက် အကျိုးရှိတာကို ပြည်သူကလည်း သိဖို့လိုအပ်တယ်။ တရုတ်နဲ့က ကင်းကွာလို့မရဘူး။ ဒီလိုကင်းကွာလို့ မရမယ့် အတူတူ မြစ်ဆုံကို မလွှဲ မရှောင်သာ လုပ်ရမယ်ဆိုရင် စာချုပ်ကိုပြင်ပေါ့။ တရုတ်ကချည်းပဲ လျှပ်စစ်ဓါတ်အားတွေ အကုန်ယူသွားမယ့်အစား တိုင်းပြည်ကိုလည်း တစ်ဝက်ပေးပေါ့။ ဒါမျိုးတွေလည်း လုပ်လို့ရတာပဲ။
 
**** ကိုမိုးမင်းသိန်း (သဘာဝပတ်ဝန်းကျင်အရေး လေ့လာသူ)
 
ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ကြိုဆိုပါတယ်။ ခရီးစဉ်မှာ တိုင်းပြည်အတွက်၊ လူထုအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေမဲ့ စီမံကိန်းကိစ္စတွေ၊ ကတိက၀တ်ပြုမှုတွေ ဖြစ်မလာဖို့တော့ မျှော်လင့်ပါတယ်။ ဒါကိုတော့ ကျွန်တော်တို့အနေနဲ့ နည်းနည်းတော့ စိတ်ပူတာပေါ့။ အရင်တုန်းက စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေက ဘာမှမသိခဲ့ရဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သွားတဲ့အခါမှာ ဒါတွေကို သိခွင့်ရနိုင်မလားပေါ့။ ဥပမာ လက်ပံတောင်းလိုမျိုး ပြင်ဆင်ခွင့်ရနိုင်မလားပေါ့။ ပြည်သူလူထုက သဘောမတူတဲ့ ကိစ္စတွေကတော့ ပြည်သူ့အသံတွေ နားထောင်ရင်ကတော့ မရှိလာလောက်ဘူးလို့တော့ ထင်ပါတယ်။
 
**** မမျိုးမျိုးအေး (သွေးစည်းညီညွှတ်သော အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်- ယာယီ)
 
အခုချိန်ထိ အစိုးရရဲ့ ပေါ်လစီ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းကို ဖမ်းလို့မရသေးဘူး။ ပီးခဲ့တဲ့ ရက်ပိုင်းကလည်း တရုတ်က ဦးသန်းရွှေနဲ့ တွေ့တဲ့ပုံတွေလည်း တက်လာတယ်။ တရုတ်နဲ့ပတ်သက်ပြီး အချို့စီမံကိန်းတွေလည်း ရပ်ထားတာတွေ ရှိတယ်။ ကောင်းတာတွေ ဖြစ်လာစေဖို့ မျှော်လင့်ပါတယ်။ ဒီလိုလည်း မျှော်လင့်လို့ မဲပေးခဲ့တာဆိုတော့လေ။ အရင်က တရုတ်က အပေါ်စီးက ဆက်ဆံတာကို ခံခဲ့ရသလို အခုပြန်ပြီး တရုတ်ကို အပေါ်စီးက ပြန်ဆက်ဆံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
 
**** ကိုမောင်- ကေတု ( မြောက်ဥက္ကလာ)
 
နိုင်ငံရေးအကြောင်းလည်း သိပ်တော့ နားမလည်ပါဘူး။ ၂၀၁၅ တုန်းကလည်း ပထမဆုံးသွားတာ တရုတ်။ အခုလည်း တရုတ်ပဲ။ တရုတ်နဲ့ ဆက်ဆံရေးက အရေးကြီးလို့ သွားတာလို့မြင်တယ်။ ဒီခရီးစဉ်ကတော့ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်လာစေချင်ပါတယ်။ အားလုံးပြောနေကျသလိုပဲ မြစ်ဆုံစီမံကိန်းကိုတော့ မလုပ်စေချင်ပါဘူး။ နောက်ပြီးတော့ လက်ပံတောင်းကိစ္စ အတွက်ရော အမေစုအနေနဲ့ ပြည်သူအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
 
 
ဝသန်
The Ladies News
 
 
 

 

Vote: 
No votes yet

Add new comment