ရွှေတောင်ရေကြီးမှုဖြစ်စဉ်ကြောင့် ပြောင်းရွှေ့နေရသော လူ ၃၀၀ ကျော် သောက်သုံးရေလိုအပ်နေ

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ရွှေတောင်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုမှတဆင့် မြို့လယ်ချောင်း (ကုလားချောင်း) ရေလျှံမှုကြောင့် ပြောင်းရွှေ့ နေထိုင်နေကြရသော လူ ၃၀၀ ကျော်မှာ သောက်သုံးရေများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
 
ရွှေတောင်မြို့ရှိ ဧရာဝတီမြစ်တွင်းသို့ စီးဝင်သည့် မြို့လယ်ချောင်း(ကုလားချောင်း)ရိုးတစ်လျှောက် ရပ်ကွက်ငယ် များဖြစ်သော ဒေါနခြံ၊ ချောင်းဝ၊ လက်ပံတောရပ်ကွက်များမှာ ရေလျှံမှုများဖြစ်ပေါ်လျှက်ရှိပြီး အနိမ့်ဆုံးရပ်ကွက် ဖြစ်သော လက်ပံတောရပ်ကွက်မှ ဒေသခံများမှာ ရေလွတ်ရာဖြစ်သော အနီးရှိ ရွှေမျက်မှန် ဘုန်းတော်ကြီးကျောင်း ဝန်းအတွင်းသို့ လာရောက်နေထိုင်နေကြခြင်း လည်း ဖြစ်သည်။
 
“ဒီကလူတွေအတွက် အဓိက လိုအပ်ချက်ကတော့ သောက်ရေသုံးရေပေါ့နော်။ အဲဒါကို ကျောင်းကပဲ အကုန်လုံး ကို တာဝန်ယူရတာဖြစ်တဲ့ အတွက် တချို့ဟာတွေမှာ လတ်တလော ဖြစ်ပွားလာနိုင်တဲ့ ရောဂါဘယ၊ ဒါမျိုးတွေ ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ရေတော့ သန့်သန့်ပြန့်ပြန့် သုံးစွဲစေချင်တဲ့ဆန္ဒရှိတယ်။ အဲဒီရေကိုလည်းပဲ မျှမျှတတ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရင်တော့ ပိုပြီးတော့ကောင်းမှာပါ” ဟု ရွှေမျက်မှန်ကျောင်း ဆရာတော် ဦးဝဏ္ဏသီရိက ပြောသည်။
 
အဆိုပါကျောင်းဝန်းအတွင်း အိမ်ထောင်စု(၈၄)စု၊ ကလေးလူကြီး စုစုပေါင်း(၃၃၅)ယောက်တို့မှာ ဇူလိုင် ၁၆ ရက် မှစတင်ကာ လာရောက် ပြောင်းရွှေ့နေထိုင်နေကြခြင်းဖြစ်ပြီး ယခုဇူလိုင် ၂၆ ရက်အထိ ရေပြန်ကျသွားခြင်းမရှိ သေးဘဲ ထပ်တိုးလာသောကြောင့် ယခုကျောင်းဝန်း အတွင်းတွင်သာ ဆက်လက် နေထိုင်နေရဦးမည်ဖြစ်ကြောင်း
ဒေသခံများကပြောသည်။
 
“ရေတက်တဲ့ရက်ကတည်းက အထုပ်အပိုးတွေ သိမ်းပြီး ကျောင်းဝန်းထဲ လာနေရတာ။ ရေကပြန်မကျတဲ့အပြင် တိုးတောင်တိုးလာသေးတယ်။ ဒီပုံစံနဲ့ကတော့ အိမ်ပြန်နေလို့ မရသေးဘူး။ ဒီမှာပဲ ဆက်နေရမယ့်ပုံပဲ”ဟု ပြောင်းရွှေ့ လာရောက်နေထိုင်သူ ကိုထက်ညီညီက ပြောသည်။
 
ယခုပြောင်းရွှေ့ နေထိုင်သူများထံသို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ လာရောက် ထောက်ပံ့ကူညီမှုများ လည်း မရှိသေးသလို အရပ်ဖက်လူမှု အဖွဲ့အစည်းများ မှလည်း လာရောက်ကူညီမှု မရှိသေးကြောင်း၊ စားဝတ် နေရေးအတွက် လတ်တလော အဆင်ပြေနေသော်လည်း သောက်ရေသန့်များမှာမူ လိုအပ်လျက်ရှိကြောင်း သိရသည်။
 
MMK
The Ladies News
 

 

Vote: 
No votes yet

Add new comment