ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်အပြီး ရွှေ့ပြောင်းလုပ်သား ၉၀ ရာခိုင်နှုန်းခန့်သည် ထိုင်းအစိုးရ၏မူဝါဒ တင်းကျပ်ခံရမှုများနှင့် ကြုံတွေ့နေရ

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၉၀ ရာခိုင်နှုန်းခန့်သည် ထိုင်းနိုင်ငံမူဝါဒ၏ တင်းကျပ်မှုအောက်တွင် ယခင်ကထက် တင်းကျပ်ခံရမှုများနှင့် ကြုံတွေ့နေရကြောင်း ထိုင်းနိုင်ငံ၏ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုကျော်သောင်းက ဇူလိုင်လ ၁၃ ရက်နေ့က The Ladies သို့ပြောကြားသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ လာရောက်ချိန်တွင် အလုပ်သမားအရေးနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဟူသော စကားကိုအခြေခံကာ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားများကို ဥပဒေနှင့်အညီဟူသော စကားရပ်အောက်တွင် တင်းကျပ်ခံရမှုများ ခံစားနေရကြောင်း သိရသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၊ ၃၀ ခန့်လောက်ကတည်းက မြန်မာလုပ်သားတွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရတဲ့နည်းနဲ့ ထွက်လာကြပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရအောင် ဖြစ်သလိုလုပ်ကြရင်း အလုပ်လုပ်ကြတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာအလုပ်သမားတွေအပေါ် ချည်နှောင်ထားတဲ့ ကြိုးတွေအများကြီးရှိတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဥပဒေနဲ့အညီလို့ ပြောတဲ့အပေါ် ခုတ်ရာတခြား ရှရာတခြား ဖြစ်ပြီး အလုပ်သမားတွေကို တင်းကျပ်လာတာပါ” ဟု ကိုကျော်သောင်းက ဆက်လက်ပြောကြားသည်။ ထိုင်းနိုင်ငံအတွင်း ပန်းရောင်ကတ် ကိုင်ဆောင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား မြန်မာ အလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်၍ အထောက်အထား ပြုလုပ်ပေးရန် စီစဉ်လျက်ရှိနေသော်လည်း သံရုံးဝန်ထမ်းများနှင့် ထိုင်းဝန်ထမ်းများသည် မြန်မာအလုပ်သမားများအပေါ် စနစ်တကျ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတွင်း သွားရောက် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် တရားဝင် သွားရောက် လုပ်ကိုင်သူ ၂ သန်းကျော်ရှိပြီး တရားမ၀င်သွားရောက်သူ ၂ သန်းခန့်ရှိနေကြောင်း သိရသည်။ လတ်တလော ကာလအတွင်းမှာပင် ထိုင်းနိုင်ငံရှိ မြန်မာ ၊ ကမ္ဘောဒီးယား ၊ လာအို တို့မှ ရွှေ့ပြောင်းလုပ်သားများအား မှတ်ပုံတင်ရမည့် နောက်ဆုံးရက်အဖြစ် ဇူလိုင် ၂၉ ရက်နေ့အား သတ်မှတ်ထားမှုအပေါ် အချိန်ဆက်လက် တိုးမြှင့်ပေးရန် ထိုင်းနိုင်ငံ အလုပ်သမားအဖွဲ့ချုပ် က တိုက်တွန်းထားကြောင်း ဘန်ကောက်ပိုစ့်သတင်းစာက ဇူလိုင် ၁၂ ရက်နေ့တွင် ဖော်ပြသည်။ ၀သန်Photo - ရွှေ့ပြောင်းအလုပ်သမားအချို့ တွေ့ရစဉ်The Ladies News 

 

Vote: 
No votes yet

Add new comment