တောင်ပြိုဒဏ်ခံစားခဲ့ရသည့် အမ်းမြို့နယ် ကဏန်းပြင်ကျေးရွာရှိ နေအိမ်များ တည်ဆောက်ရန် အကူအညီများ လိုအပ်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကဏန်းပြင် ကျေးရွာတွင် တောင်ပြိုကျမှုကြောင့် ရွံ့နွံများ ဖုံးလွမ်းသွားသည့် နေအိမ်များအား ပြန်လည်တည်ဆောက်ရန် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။  အဆိုပါ နေအိမ်များမှာ ရွာ၏အရှေ့ဘက်တန်းရှိ တောင်ခြေအောက်တွင် တည်ဆောက်ထားပြီး ဇွန် ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် တောင်မြေပြိုကျမှုကြောင့် သွပ်မိုး၊ ပျဉ်ကာနေအိမ် ၁ လုံးအပါအ၀င် ဓနိမိုး ပျဉ်ခင်း၊ ၀ါးထရန်ကာ နေအိမ် ၇ လုံး ပျက်စီးခဲ့ရာ ကျပ်သိန်း ၁၀၀ ၀န်းကျင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ “အဲဒီနေ့က တောင်ခြေရင်းက အိမ်တွေဆို မြေသားတွန်းအားကြောင့် လဲပြိုပျက်စီးသွားပြီး ရွှံနွံတွေက ၆ ပေက ၁၀ ပေထိ ဖုံးလွှမ်းသွားပါတယ်။ လူတွေက ဆင်းရဲကြတော့ အစိုးရနဲ့ အန်ဂျီအိုတွေ အကူညီမပါဘဲ ပြန်လည် ရှင်းလင်း တည်ဆောက်ဖို့ ဆိုတာ မလွယ်ပါဘူး” ဟု ကဏန်းပြင်ကျေးရွာမှ နေအိမ်ပျက်စီးခဲ့သူ ဦးမောင်မောင်ခင်က ပြောသည်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေနှင့် အမ်းမြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးတို့ ဇွန်လ ၂၅ ရက်နေ့က ၎င်းတို့မဲဆန္ဒနယ်မြေရှိ ဒေသခံများနှင့် ကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်စဉ်တွေ့ဆုံစဉ် နေအိမ်များ ပျက်စီးမှုနှင့် ပတ်သက်၍ ရွာသားများက တင်ပြထားကြောင်း သိရသည်။  “သူတို့က ပျက်စီးဆုံးရှုံးမှုတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးကို စာရင်းဇယားလုပ်ပြီး တင်ပြလို့ ပြောပါတယ်။ သူတို့ လည်း ပြည်နယ် အစိုးရအဖွဲ့ဆီကို ပြောပေးမယ်လို့ ပြောပါတယ်။ ဒါကြောင့် အခုလ ၂၇ ရက်နေ့ နေ့စွဲနဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းဇယားတွေကို ပြုစုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆီ တင်ပြထားပါတယ်” ဟု ကဏန်းပြင် ကျေးရွာမှ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်သူ ဦးဘကြည်က ပြောသည်။  မိုးရွာသွန်းမှုများကြောင့် ရွာရှိဆက်သွယ်ရေး လမ်းမကြီး အပါအ၀င် ကျေးရွာချင်းဆက် လမ်းများ ပျက်စီး ပြတ်တောက်သွားပြီး ထော်လာဂျီများ၊ ကုန်သည်ဆိုင်ကယ် ကယ်ရီများ သွားလာမှု ရပ်တန့်ထားရသည့်အတွက် ကုန်ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်နေကြောင်း ရွာသားများထံမှ သိရသည်။ ကဏန်းပြင်ကျေးရွာတွင် အိမ်ခြေ ၃၇၀ ကျော်ရှိပြီး အမ်းမြို့နှင့် မိုင်ပေါင်း ၃၀ ကျော် ကွာဝေးကာ အမ်းမြို့နှင့် ကုန်းလမ်းရေလမ်းနှစ်ခုလုံး သွားလာရေး ခက်ခဲသော ကျေးရွာတစ်ရွာဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ဒေသတွင်း အန်ဂျီအိုများနှင့် လူမှုအဖွဲ့အစည်းများ အရောက်အပေါက် နည်းပါးသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။ MMKThe Ladies News 

 

Vote: 
No votes yet

Add new comment