Heroes Vs Samurais မြန်မာ-ဂျပန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး ကျင်းပမည်

Heroes Vs Samurais မြန်မာ-ဂျပန် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်ကျင်းပမည့် အဖွဲ့များထံမှ သိရှိရသည်။  အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ဦးဆောင်ကာ Myanmar Media Management နှင့် Naing Moe Entertainment တို့မှ ပူးပေါင်းစီစဉ် ဆောင်ရွက်ကာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)က အဓိက ကူညီပံ့ပိုးထားကြောင်း သိရသည်။ “ဒီပွဲကိုတော့ တိုက်ရိုက်မပြပါဘူး။ ပွဲပြီး ငါးရက်ကြာရင် 4 tv ကနေ ပြန်ပြပါမယ်။ ရုပ်သံထုတ်လွှင့်အတွက် အကျိုးအမြတ် မယူပါဘူး” ဟု Myanmar Media Management မှ ကိုစိုးသူရရွှေက ပြောသည်။  ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည့် ဂျပန်လက်ဝှေ့သမားများမှာ MMA တွင် လက်ရှိ ယှဉ်ပြိုင်ထိုးသတ်နေသော ကစားသမားများ ဖြစ်ကြောင်း သိရသည်။  “သူတို့အကြောင်းလည်း ဘာမှမသိပါဘူး။ သူတို့ ကိုယ်အလေးချိန်ရော၊ အရပ်အမောင်းတို့၊ အသက်အရွယ်တို့ ဘယ်လောက်ရှိတယ် ဆိုတာ ကျွန်တော်မသိပါဘူး။ သူတို့ပွဲတွေလည်း မကြည့်ဖူးပါဘူး။ သူတို့အကြောင်းကို ဘာမှမသိပါဘူး” ဟု မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ့ရိုးရာ လက်ဝှေ့ရွှေခါးပတ် ချန်ပီယံ သပြေညိုက ပြောသည်။  လာရောက် ယှဉ်ပြိုင်ထိုးသတ်မည့် ဂျပန်လက်ဝှေ့သမားများ၏ အကြောင်းစုံကို မြန်မာ ကစားသမားများမှ မသိရှိသေးသော်လည်း အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်ကာ အနိုင်ရရှိအောင် စွမ်းဆောင်သွားမည် ဖြစ်ကြောင်း ဂျပန်လက်ဝှေ့သမားနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် စောဂေါ်မူဒိုက ပြောသည်။  မြန်မာ - ဂျပန် ရိုးရာလက်ဝှေ့ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက် နေ့လယ် ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲအတွက် လက်မှတ်ဈေးနှုန်းများမှာ ကျပ် ၁၀,၀၀၀ ၊ ကျပ် ၂၅,၀၀၀ ၊ ကျပ် ၃၅,၀၀၀ ၊ ကျပ် ၇၀,၀၀၀ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။  “ကျွန်တော်တို့ ဒီပွဲမှာ ပရိုမိုးရှင်းတစ်ခု လုပ်ထားပါတယ်။ စုံတွဲ လာရောက်ကြည့်ရှုမယ် ဆိုရင် နှစ်သောင်းခွဲတန် လက်မှတ်တစ်စောင် ဝယ်ရင် တစ်စောင်ပိုပေးပါ့မယ်။ ဒါပေမဲ့ ပွဲနေ့ကျရင် အဲဒီလက်မှတ်က စုံတွဲပဲ ကြည့်လို့ရပါမယ်။ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ မရပါဘူး” ဟု Naing Moe Entertainment မှ ကိုအောင်နိုင်မိုးက ပြောသည်။  အထက်ပါ မြန်မာ-ဂျပန် ရိုးရာလက်ဝှေ့ စိန်ခေါ်ပြိုင်ပွဲတွင် တွဲဆိုင်းကိုးဆိုင်း ပါဝင်မည်ဖြစ်ပြီး မြန်မာ-ဂျပန် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ် တွဲဆိုင်းမှာ နှစ်ဆိုင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်းများမှာ ဥာဏ်မင်းလွင်(ထွန်းသွင်)နှင့် အိုးအိုး(ဟံသာဝတီသား)၊ ရိုးမသစ္စာ (နဂါးမာန်)နှင့် အံ့ဘွား(ကောလင်း)၊ သပြေအောင်(ဘိလပ်မြေစက်ရုံ) နှင့် နက္ခအောင်(တောင်ကလေး)၊ ထွန်းလွင်မိုး (နဂါးမာန်)နှင့် စောဒါဝိတ်(တောင်ကလေး)၊ သူရရဲအောင်(မန္တလေး) နှင့် ဝင်းထွန်း(T&T)၊ စောမင်းအောင် (တောင်ကလေး) နှင့် စောအယ်လေး(ရွှေကုက္ကိုလ်)၊ စောထူးဇော်(ဒို့ရိုးရာ) နှင့် မြလင်းအောင်(ရွှေကုက္ကိုလ်)၊ သပြေညို(မြန်မာ) နှင့် Kaneko Daiki (ဂျပန်)၊ စောဂေါ်မူဒို(မြန်မာ) နှင့်Shimamura Naoki (ဂျပန်) တို့ဖြစ်ကြောင်း သိရသည်။ သတင်း - MMKThe Ladies News 

 

Vote: 
No votes yet

Add new comment