မင်းပြားမြို့နယ်ရှိ လူငယ်တစ်ဦး အက်စစ်နှင့် သောက်ရေသန့် မှားသောက်မိရာမှ သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ခေါင်းလောင်းချောင်း ကျေးရွာမှ လူငယ်တစ်ဦးသည် ရေသန့်ဘူးခွံဖြင့် ထည့်ထားသော အက်စစ်ဘူးအား သောက်ရေသန့်ဘူးဟု ထင်မှတ်ကာ မှားသောက်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မင်းပြားမြို့နယ်ရှိ ခေါင်းလောင်းချောင်း ကျေးရွာမှ နိုင်နိုင်ဦး အသက် ၂၇ နှစ်မှာ နေအိမ်ရှေ့ခန်း၌ ရှိသော
အက်စစ်ဘူး (ဘထ္ထရီအိုးတွင် ထည့်သော အက်စစ်ရည်)အား သောက်ရေသန့်ဟု ထင်ကာ မှားသောက်မိ၍ ပါးစပ်မှ သွေးများအန်လာသဖြင့် မင်းပြားမြို့ပေါ်ရှိ ဆေးရုံကြီးသို့ ချက်ချင်း ပို့ဆောင်ခဲ့ရပြီး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေစဉ် ဖေဖော်ဝါရီ ၂ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ပါးစပ်နှင့် နှားခေါင်းတို့မှာ သွေးများ စီးဆင်းနေသည်ကို တွေ့ရကြောင်း မင်းပြားမြို့မ ရဲစခန်းမှ သိရသည်။

“သူက အရက်အလွန်အကျွံ သောက်ထားတယ်။ ဒါနဲ့ သတိပေါ့လျော့ပြီး အက်စစ်ရေဘူးကို တစ်ငုံသောက်မိတယ်လို့ သူ့မိသားစုဆီက သိရတယ်။ ကျွန်တော်တို့က အတတ်နိုင်ဆုံး ဆေးရုံကို အမြန်ပို့ခဲ့ပေးမယ့် အက်စစ်ရည်က သူ့အသည်းနဲ့ အူတွေကို ပျက်စီးခဲ့တယ်နဲ့ တူပါတယ်။ ပါးစပ်၊ နှားခေါင်း၊ နားတွေက သွေးတွေထွက်ပြီး သေဆုံးသွားခဲ့တယ်” ဟု မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်း ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသံဒါးမောင်က ပြောသည်။

အဆိုပါ သေဆုံးမူအား မင်းပြားမြို့မ ရဲစခန်းတွင် သေမူသေခင်း အမှတ် ၁/၁၆ အရ ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို မင်းပြားမြို့မ ရဲစခန်းမှ ဒု-စခန်းမှူး ရဲအုပ်စိန်ထွန်းဦးက စစ်ဆေးနေကြောင်း သိရသည်။

သတင်း - MMK

The Ladies News Journal

Vote: 
No votes yet

Add new comment