ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြောပလောက်အောင် အောင်မြင်မှုမရှိခြင်းမှာ အစုအဖွဲ့များက သူ့မူ ကိုယ့်မူ မလျှော့တမ်း ဆုပ်ကိုင်ထားခြင်းကြောင့် ဟုဆို

ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ပြောပလောက်အောင် အောင်မြင်မှု မရှိခြင်းမှာ အစုအဖွဲ့များက သူ့မူ ကိုယ့်မူကို မလျှော့တမ်း ဆုပ်ထားခြင်းကြောင့်ဖြစ်သည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ယနေ့ (မေလ ၁၄ ရက်) တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော NCA လက်မှတ်ထိုး အပစ်ရပ် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးတွင် ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြား ခြဲ့ခင်းဖြစ်သည်။

`NLD အစိုးရလက်ထက်မှာ ၂၁ ရာစုပင်လုံကို ၃ ကြိမ်ကျင်းပနိုင်ခဲ့ပေမယ့် ပြောပလောက်တဲ့ အောင်မြင်မှု မရရှိသေးတာဟာ အစုအဖွဲ့အားလုံးက သူ့မူ ကိုယ့်မူကို မလျှော့တမ်း ဆုပ်ကိုင်ထားလို့ပဲ ဖြစ်ပါတယ်။ တပ်မတော်က ခွဲမထွက်ရ၊ တစ်ခုတည်းသော တပ်မတော်၊ ငြိမ်းချမ်းရေးမူ ၆ ချက်တွေ တင်မကဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာ အလှမ်းဝေးကွာဆဲ ဖြစ်နေပါတယ်` ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

ထို့အတွက် သူ့မူ ကိုယ့်မူကို ခဏဘေးဖယ်ထားပြီး သဘာဝအတိုင်း ဖြစ်သင့် ဖြစ်ထိုက်သည်ကို ဆွေးနွေးနိုင်ပါက နှစ်ဖက်စလုံး အရှုံးကို မရင်ဆိုင်ရဘဲ အောင်မြင်မှုကို နှစ်ဦးနှစ်ဖက် ရရှိမှာဖြစ်သည်ဟု ဆိုသည်။

`၂၀၂၀ ရွေးကောက်ပွဲကလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာတာနှင့်အမျှ တစ်ဖက်က ကိုယ့်ဆွေးနွေးဖက်ရဲ့ အာရုံက ရွေးကောက်ပွဲကိစ္စ အတွက်သာ ရောက်နေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဒုတိယနေရာမှာ ရှိနေတော့ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လိုအနေအထား ဖြစ်သင့်တယ် ဆိုတာ ကြိုတင်ဆွေးနွေးပြီး ဘဘောတူညီချက် ရယူထားဖို့ လိုအပ်ပါတယ်`ဟူ၍လည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

NCA လက်မှတ်မထိုးရသေးသည့် ညီနောင် အဖွဲ့အစည်းအချို့နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဟာလည် ပြည်ထောင်စုအတွက် ကြီးမားသည့် ပြဿနာဖြစ်ကြောင်း၊ ပြဿနာအရပ်ရပ် ကို ဖြေရှင်းရန် ငြိမ်းချမ်းရေးသည် အခရာဖြစ်သည်ဟု ၄င်းကဆိုသည်။

`ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြားပါက ပြဿနာအမျိုးမျိုးလည်း ပေါ်လာမှာဖြစ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ EAO များနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံးက ၀ိုင်းဝန်း ကြိုးပမ်းရမှာဖြစ်ပါတယ်` ဟုလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ချင်းမိုင်တွင် ပြုလုပ်နေသော PPST အစည်းအဝေးသို့ NCA လက်မှတ်ထိုး အပစ်ရပ် ၁၀ ဖွဲ့သာမက ကချင်လက်နက်ကိုင် အဖွဲ့ (KIA/KIO) နှင့်  ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ပါ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

အောင်ရဲနောင်

The Ladies News

 

Vote: 
No votes yet

Add new comment