သင့်ခန္ဓာကိုယ်ပေါ်က သက်ရှိပိစိလေးများ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
 
လူ့ခန္ဓာကိုယ်ဟာလည်း သက်ရှိလေးတွေအများကြီးနေထိုင်တဲ့ ကမ္ဘာတစ်ခုဖြစ်နေတယ်ဆိုတာ သင်သိပါသလား။ ခန္ဓာကိုယ်ပြင်ပမှာကပ်ငြိနေတာတွေရော၊ ကိုယ်တွင်းမှာ ရှိနေတာတွေရော ပေါင်းရင် သက်ရှိပိစိလေးတွေ အများကြီးပါ။ မြင်နိုင်တဲ့အရွယ်အစားနဲ့ မမြင်နိုင်တဲ့အရွယ်အစားတွေသာ ကွာခြားတာပါ၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေအနှံ့မှာ သူတို့နေထိုင်ကြပါတယ်။ ဘာကောင်လေးတွေ ဖြစ်မလဲ ဆက်ကြည့်ရအောင် –
 
သန်း
ထင်ထားတဲ့အတိုင်းပါပဲ။ ဆံပင်ထဲမှာရှိတတ်တဲ့ သန်းကို လူတိုင်းသိကြပါတယ်။ သူတို့က ဆံပင်တွေကြားမှာ နေထိုင်ပြီး ဦးရေပြားကနေ သွေးစုပ်ပါတယ်။ အန္တရာယ်တော့မပေးတတ်ပေမယ့် ယားစေတယ်၊ ကူးလွယ်တယ်။ ဆံပင်တွေမှာ ဥတွေတွယ်ပြီး ကြည့်ရဆိုးစေပါတယ်။ သိပ်ဆိုးလွန်းလာရင် အနာတွေဖြစ်လာပြီး နေထိုင်မှုဘဝမှာ ထိခိုက်စေနိုင်ပါတယ်။
 
ချိတ်သန်ကောင်
ခြေဗလာနဲ့လမ်းလျှောက်ရင် ခြေဖဝါးကတဆင့် ဝင်ရောက်ကူးစက်တတ်တဲ့ သန်ကောင်မျိုးပါ။ သူတို့က အူထဲမှာ နေထိုင်ပြီး ပုံမှန်အားဖြင့် အန္တရာယ်မပေးနိုင်ပါဘူး။ဒါပေမယ့် အရေပြားထဲမှာ သူတို့ရောက်နေတဲ့နေရာတဝိုက် ယားယံတာ၊ နီမြန်းတာတွေဖြစ်စေနိုင်ပါတယ်။ ချောင်းဆိုးတာ၊ အသက်ရှူသံတရွှီရွှီမြည်တာ၊ ဗိုက်အောင့်တာတွေဖြစ်စေနိုင်ပါတယ်။
 
တုတ်ပြားကောင်
အမဲသား၊ဝက်သားနဲ့ ငါးတွေဆီကနေ ကူးစက်ရရှိနိုင်ပါတယ်။ တုတ်ပြားကောင်တစ်ကောင်ဟာ ခန္ဓာကိုယ်ထဲမှာ ပေ ၃၀အရှည်အထိ ရှင်သန်ကြီးထွားနိုင်ပြီး ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ သူကတော့ ဦးနှောက်အကျိတ်ဖြစ်စေပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တာကြောင့် စောစောကုသလေကောင်းလေဖြစ်ပါတယ်။ ခြောက်လတစ်ကြိမ် သန်ချဆေးပုံမှန်သောက်သင့်ပါတယ်။
 
မျက်နှာပေါ်က ကပ်ပါးပိုး
သာမန်မျက်စိနဲ့မမြင်ရတဲ့ မျက်နှာအရေပြားပေါ်ကကပ်ပါးပိုးလေးတွေဖြစ်ပါတယ်။ ပင့်ကူပိစိလေးတွေပုံသဏ္ဍာန်ဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ သူတို့အရေအတွက်ကလည်း များလာပါလိမ့်မယ်။ သူတို့ရဲ့အရွယ်အစားက တစ်မီလီမီတာရဲ့သုံးပုံတစ်ပုံသာရှိတဲ့အပြင် ခန္ဓာကိုယ်အရောင်ကအကြည်ဖြစ်တဲ့ အတွက် သင့်မျက်နှာပေါ်မှာ ထောင်ပေါင်းများစွာရှိနေလည်း မြင်ရမှာမဟုတ်ပါဘူး။ အရေပြားဆဲလ်သေတွေကိုပဲ စားတတ်တဲ့ သူတို့က အန္တရာယ်မပေးပေမယ့် အဆီတော့နည်းနည်းပြန်စေနိုင်ပါတယ်။
 
ဂိုင်ယာဒီးယား(Giardia)
အူထဲမှာနေထိုင်တဲ့ ကပ်ပါးပိုးပိစိလေးတွေဖြစ်ပါတယ်။ စမ်းချောင်းတွေ၊ ကန်တွေမှာ ရေကူးရင်း သို့မဟုတ် သောက်မိရင် ဒီကပ်ပါးပိုးကို ကူးစက်ရရှိနိုင်ပါတယ်။ ရေတွင်းထဲကရေ၊ ရေကူးကန်၊ အစားအသောက် သို့မဟုတ် အဲဒီပိုးရှိတဲ့လူဆီကနေ ကူးစက်ရရှိနိုင်ပါတယ်။ ဒီပိုးကြောင့် ဗိုက်အောင့်မယ်၊ လေပွမယ်၊ ကိုယ်အလေးချိန်ကျနိုင်တယ်၊ လေချဉ်တက်မယ်၊ အနံ့မကောင်းတဲ့ ဝမ်းပျက်ခြင်းတွေရှိနိုင်ပါတယ်။
 
ချက်ထဲက ဘက်တီးရီးယား
ချက်ပေါက်က အတွန့်လေးတွေကြားမှာ ဂလင်းတွေက ချွေး၊အဆီတွေထုတ်ပေးတာကြောင့်ဘက်တီးရီးယားတချို့ကို ဆွဲဆောင်နိုင်ပါတယ်။ တချို့က ရောဂါဖြစ်စေပေမယ့် ဒီတစ်ခါတော့ အန္တရာယ်ပေးမယ့် ပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
 
မှိုပိုးလေးတွေ(Candida)
ပါးစပ်၊ အရေပြားတွန့်ခေါက်တဲ့နေရာတွေ၊ ပေါင်ခြံခွကြား တို့လို လှောင်ပြီးစိုထိုင်းတဲ့နေရာတွေမှာ ရှင်သန်တတ်ကြပါတယ်။ သူတို့ကြောင့် အရေပြားမှာ ခြောက်သွေ့၊ ယားယံ၊ ရောင်ရမ်းစေနိုင်တယ်။ သူတို့တွေများလာပြီဆိုရင် လျှာ၊လည်ချောင်းနဲ့ ပါးစောင်တွေမှာ အဖြူဖုလေးတွေအစုလိုက်ဖြစ်လာစေပါတယ်။ ဒါကတော့ ဆရာဝန်ညွှန်ကြားချက်အတိုင်းမှိုပိုးသတ်ဆေးတွေနဲ့ကုသရပါတယ်။
 
အူတွင်းဘက်တီးရီးယား
အူလမ်းကြောင်းထဲမှာ နေထိုင်တဲ့ အဏုဇီဝပိုးမွှားလေးတွေ အများကြီးရှိနေပါတယ်။ အဲဒီထဲမှာ ပရိုဘိုင်အိုတစ် လိုမျိုး ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယားတွေလည်းရှိပါတယ်။ ဒီပိုးလေးတွေက ကိုယ်စားတဲ့ အစားအသောက်နဲ့ ပြင်ပပတ်ဝန်းကျင်ရဲ့သက်ရောက်မှုနဲ့ရှင်သန်ကြပါတယ်။
 
ချိုင်းကြားက အဏုဇီဝပိုးလေးတွေ
တခြားနေရာတွေမှာလိုပဲ ချိုင်းကပိုးမွှားလေးတွေကတော့ ချွေးနံ့ထွက်စေတဲ့အကြောင်းရင်းတစ်ခုအနေနဲ့ လုပ်ဆောင်ချက်ပါဝင်ပါတယ်။
 
ယခုဆောင်းပါးကို The Ladies News Agency ၏ မိတ်ဖက်
hellosayarwon.com ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ်မှ ကူးယူဖော်ပြခြင်း ဖြစ်သည်။
The Ladies News

 

Vote: 
No votes yet

Add new comment