ရန်ကုန်တိုင်းလွှတ်တော်အတွင်း၌ ပေါက်လွှတ်ပဲစား ဆိုသည့် အသုံးအနှုန်းကို မြို့တော်ဝန်သုံးသည့် အတွက် လွှတ်တော် ကိုယ်စားလှယ်ကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပေါက်လွှတ်ပဲစား ဆိုသည့် အသုံးအနှုန်းကို ရန်ကုန်မြို့တော်ဝန်က သုံးသည့်အတွက် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက လွှတ်တော်အတွင်း၌ ကန့်ကွက်ခဲ့ကြောင်း သိရသည်။
 
ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒသကြီး လွှတ်တော်အစည်းအဝေး၌ ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ကားပါကင်းကြေ ကောက်ယူမည့်ကိစ္စကို ကျောက်တံတားမြို့နယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မေးခွန်းမေးမြန်မှုကို ပြန်လည်ဖြေကြားရာတွင် မြို့တော်ဝန်က ပေါက်လွှတ်ပဲစား ဖြေလို့မရဘူးဆိုသည့် အသုံးအနှုန်းကို အသုံးပြုခဲ့သည်ဟု မေးခွန်းမေမြန်းသူ ဒေါ်ကြည်ပြာက The Ladies News သို့ ပြောကြားသည်။
 
`မြို့တော်ဝန်က ကျွန်မ ကားပါကင် ကိစ္စနဲ့ ပတ်သက်ပြီးတော့ မေးတဲ့မေးခွန်းကိုဖြေကြားတဲ့ အခါကြတော့ သူက ပေါက်လွှတ်ပဲစား ပြန်ဖြေလို့ မရဘူးဆိုတဲ့ ပေါက်လွှတ်ပဲစားဆိုတဲ့ စကားလုံးကို သူသုံးသွားတာပါ။ သုံးသွားလို့ ကျွန်မ လွှတ်တော်မှာ ဒီစကားရပ်ကို ကန့်ကွက်တာပါ။ လွှတ်တော်အနေနဲ့ ဒါတော့ လက်မခံနိုင်ပါဘူး` ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။
 
ပြည်သူများ ရွေးကောက် တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ တက်ရောက်သည့် လွှတ်တော်ဆိုသည့် နေရာတွင် ၀န်ကြီးတစ်ဦးက ပေါက်လွှတ်ပဲစား ဆိုသည့် စာကားလုံးကို သုံးနှုန်းခြင်းမှာ လွှတ်တော်အနေဖြင့် လွန်စွာ သိက္ခာကျသည့် အတွက် ယင်းအသုံးအနှုန်းကို ကန့်ကွက်ကြောင်းနှင့် သူမကန့်ကွက်သည် ဆိုသည်ကိုလည်း လွှတ်တော်က အမှတ်တမ်းတင်ထားပေးရန် လွှတ်တော်ဥက္ကဋ္ဌကို ပြောကြားခဲ့သည်ဟု ဆိုသည်။
 
`လွှတ်တော်ဆိုတာက ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ ကိုယ်စားပြုပြီး ရောက်နေတဲ့ နေရာလေ။ ရန်ကုန်မှာ လူဦးရေး ၇ သန်းရှိတယ်ဆိုရင် ဒီလူဦးရေ ၇ သန်းက ပြည်သူတွေ ကိုယ်စားပြုထားတဲ့ သူတွေ တက်ရောက်နေရာမှာ ဒီလိုမျိုး ပေါက်လွှတ်ပဲစားဆိုတဲ့ စကားလုံးကို ၀န်ကြီးတစ်ယောက် အနေနဲ့ သုံးတာက လွှတ်တော်အနေနဲ့ တော်တော်လေး သိက္ခာကျပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မက ဒီအသုံးမျိုးကို လွှတ်တော်မှာ သုံးတာကို ကန့်ကွက်တယ်။ လွှတ်တော်အနေနဲ့ မှတ်တမ်းတင်ထားပေးပါ။ ကျွန်မ ကန့်ကွက်တယ်ဆိုတဲ့ အကြောင်း ကို မှတ်တမ်းတင်ထားပေးပါလို့ လွှတ်တော်ဥက္ကဋ္ဌကြီးကို ပြောတာပါ` ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment