ခွဲမထွက်ရအချက်နှင့် တစ်ခုတည်းသော တပ်မတော်ကို လက်ခံ ရမည်ဆိုသည့် အချက်များသည် NCA ထဲတွင်မပါဟု KNU ပြောကြားသည်

NCA စာချုပ်ထဲတွင် ခွဲမထွက်ဆိုသည့် အချက်နှင့် တစ်ခုတည်းသော တပ်မတော်ကို လက်ခံရမည့်ဆိုသည့် အချက်များသည် ပါဝင်ခြင်းမရှိသည့်အတွက် ယင်းအချက်မျာကို မည်သို့ဖြေရှင်း ကျော်လွှားမည်လဲ ဆိုသည့် အပိုင်းကို ဆွေးနွေးလိုသည်ဟု ကရင်အမျိုသားအစည်းအရုံး (KNU) မှ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ပဒိုစောတာဒိုမူးက ပြောကြားသည်။
 
KNU ၏ ၁၆ ကြိမ်မြောက် ကွန်ယက်အပြီး ၅ ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေး အပြီးတွင် ၄င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ပဒိုစောတာဒိုမှူးက တစ်ဆို့နေသည့် အချက်သုံးချက်ရှိသည်ဟု ဆိုပါသည်။ `အဓိကအကြောင်းအရင်းသုံးခု ရှိတယ်လို့ ပြောလို့ရပါတယ်။ ပထမတစ်ခုကတော့ NCA ထဲမှာမပါတဲ့ မခွဲထွက်ရဆိုတဲ့ ကိစ္စတွေက NCA ထဲမှာမပါဘူး။ နောက်ပြီးတော့ တစ်ခုသော တပ်မတော်ကို လက်ခံမယ်ဆိုတဲ့ အခြေခံမျိုးတွေ NCA ထဲမှာမပါဘူး။ ဆိုတော့ ဒီိကိစ္စတွေကြောင့် တစ်ဆို့နေရတာ အကြောင်းတစ်ကြောင်း။ ဒီကိစ္စတွေကို ကျွန်တော်တို့ ဘယ်ဖြေရှင်း ကျော်လွှား မလဲဆိုတဲ့ အပိုင်းကို ကျွန်တော်တို့ဆွေးနွေးလိုတယ်` ဟု ၄င်းပြောသည်။
 
ယင်းသို့ တစ်ဆို့မှုများကြောင့် NCA ကို ဆက်လက် အကောင် အထည်ဖေါ်သည့် အနေရာတွင် များစွာ အခက်အခဲ ကြုံတွေ့ရသည်ဟု ဆိုပါသည်။
 
`အဲဒီတော့ NCA အကောင်အထည်ဖေါ်တဲ့ နေရာဆိုလို့ရှိရင် NCA အထဲမှာရှိတဲ့ ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးရန် လိုအပ်တဲ့ တပ်ပိုင်းဆိုင်ရာကိစ္စ ဆွေးနွေးရေးကိစ္စတွေ သော်လည်းကောင်း၊ NCA ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုဆိုင်ရာ မတူညီတဲ့ အချက်တွေကို သော်လည်းကောင်း၊ ကြားကာလဆိုင်ရာ မတူညီတဲ့ အချက်ကို သော်လည်းကောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာကိစ္စ ကွဲလွဲတဲ့ အယူအဆတွေကို သော်လည်းကောင်း ဒါတွေက ဆက်ပြီးတစ်ဆို့စေတဲ့ ကိစ္စတွေဖြစ်တယ်။ အဲဒီအတွက်ကြောင့် အဲဒီကိစ္စတွေကို ကျွန်တော်တို့ ညှိနှိုင်းဖြေရှင်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ဖို့ လိုအပ်ပါတယ်` ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
 
ယခုလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ NRPC ရုံးတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCA-S EAO ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘော သီးသန့်တွေ့ဆုံပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးတွင် NCA စာချုပ်ချုပ်ခဲ့သော သုံးနှစ်ပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၅ ရက်န့တွင် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံရန် လျာထားခဲ့သည်။
 
ပုပ္ပါးတွင် ပြုလုပ်မည့် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး အပစ်ရပ်အဖွဲ့များမှာ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲသို့ အစိုရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တက်ရောက်မည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
 
KNU ဘက်ကမှု ၄င်းတို့၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်အရ ပြင်ဆင်မှုများ ပိုမိုပြုလုပ်နိုင်ရန် လိုအပ်နေသေးသည့်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်မည့် ရက်ကို ပြန်လည်ညှိနှိုင်း ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။
 
ပဒိုစောတာဒိုမူးက `ထိပ်သီးအစည်းအဝေးကို ဖြစ်မြောက်ဖို့အတွက် နှစ်ဖက်စလုံးက ဆန္ဒရှိတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့လည်း ၀မ်းသားစွာကြိုဆိုပါတယ်။ ဒါပေမယ့် ဆွေးနွေးရမယ့် အချက်တွေနဲ့ အမှန်တကယ် တစ်ဆို့မှုဖြစ်နေတဲ့ အပိုင်းနဲ့ ပတ်သက်လို့ကတော့ နှစ်ဖက်ကြားမှာ ကွာဟနေတဲ့ အပိုင်းတွေ ရှိတဲ့အတွက်ကြောင့် ဒါတွေကို အပြန်အလှန်ဆွေးနွေးဖို့လိုတယ်။ ထိပ်သီးခေါင်းဆောင် တွေ ပါဝင်ပြီး ဆွေးနွေးမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ခေါင်းဆောင်များ အားလုံးကနေပြီးတော့ တူညီတဲ့ သဘောထားရှိ တာကတော့ ကျွန်တော်တို့ အသေအချာပြင်ဆင်ပြီးတော့ တစ်ဆို့မှုတွေကိုဖြေရှင်းနိုင်ဖို့ အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ အပြည့်အ၀လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေခံကြောင့် ၁၅ ရက်နေ့မှာ ပြုလုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ ပြန်လည်ညှိနှိုင်းသွားမှာဖြစ်တယ်` ဟုဆိုသည်။
 
NCA လက်မှတ်ထိုး အပစ်ရပ်အဖွဲ့များသည် ယခုလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အစိုးရ၊ တပ်မတော်နှင့် NCA-S EAO ထိပ်းသီးခေါင်းဆောင်များ တွေ့ဆုံနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှု အစည်းအဝေးကို ပြုလုပ်လျက်ရှိသည်။
 
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးပြီးစီးသည်အထိ အစိုးရ၊ တပ်မတော်နှင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြားတွင် နိုင်ငံရေး ဆွေးနွေးပွဲများ၌ ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် မည်သည့် သဘောတူချက်မှ ရရှိခြင်းမရှိသေးပေ။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment