ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားများအရေး NLD ကြားဝင် စေ့စပ်ဆောင်ရွက်မည်

အလုပ်ရှင် အလုပ်သမား ပဋိပက္ခဖြစ်ပွားနေသော ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဖုယွင်အထည်ချုပ် စက်ရုံမှ အလုပ်သမားအရေးကို NLD ပါတီမှ ကြားဝင်စေ့စပ် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
 
စက်တင်ဘာလ ၂၅ ရက်နေ့က ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌် ပါတီ၏ အလုပ်သမားရေးရာ ဗဟိုကော်မတီနှင့် ဖုယွင်အထည်ချုပ်စက်ရုံမှ အလုပ်သမားများ တွေ့ဆုံရာတွင် ကြားဝင်စေ့စပ် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းကို ပြောကြားခဲ့ခြင်းသည်။
 
အဆိုပါတွေ့ဆုံမှုတွင် ပါဝင်သည့် အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သည့် မသဇင်နွယ်က `သူတို့က လုပ်ငန်းရှင်ကို ဖိအားပေးလို့လည်း မရဘူး။ ပြန်ခန့်မခန့်လို့လည်း ပြောပိုင်ခွင့်မရှိဘူး။ သူတို့မှာ အဲလိုပြောဖို့ အာဏာ မရှိဘူးပေါ့နော်။ ဒါပေမယ့် အဆင်ပြေအောင် သူတို့ဘက်ကနေ ကြားဝင်ပြီးတော့ ဖြန်ဖြေပေးမယ်၊ ညှိနှိုင်းပေးမယ်လို့တော့ ပြောတယ်`ဟု The Ladies News သို့ ပြောကြားသည်။
 
အလုပ်သမားအယောက် ၃၀ အလုပ်ထုတ်ခံရခြင်းကြောင့် အဆိုပါ အလုပ်သမား အယောက် ၃၀ အလုပ် ပြန်ခန့်ရေး အပါအ၀င် အခြားအလုပ်သမား အခွင့်အရေးများအတွက် ဖုယွင်အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေ သည်မှာ ယနေ့ပါဆိုလျှင် ရက်ပေါင်း ၃၆ ရက်ရှိပြီဖြစ်သည်။
 
ဖုယွင်အထည်ချုပ်စက်ရုံသည် တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment