ကမ္ဘာ့အကောင်းဆုံးကစားသမားဟာ မပြောင်းလဲသေးပါဘူး လို့ အင်းနရစ်ဆို

စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြကြီး လူးဝစ်အန်းနရစ်ကတော့ ယခုနှစ်မှာ အကောင်းဆုံးကစားသမား ဆန်ကာတင် ၃ ဦးစာရင်း ထွက်ပေါ်လာခဲ့ပေမယ့်လည်း ၄င်းရဲ့ အကောင်းဆုံးကစားသမားကိုတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၄င်းဟာ ပြီးခဲ့တဲ့ အင်တာဗျူးတွေမှာလည်း အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီကသာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုနဲ့ ထိုက်တန်သူဖြစ်တယ်လို့ ဖြေကြားထားတာဖြစ်ပြီး ယခုလက်ရှိ အချိန်အထိ မက်ဆီဟာ အကောင်းဆုံးကစားသမား အဖြစ်ရှိနေဆဲလို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။ သို့သော် ယခုလာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့အကောင်းဆုံး ဆုအတွက် ဆန်ကာတင်ကစားသမားစာရင်းမှာတော့ မက်ဆီဟာ ပါဝင်လာခဲ့ခြင်းမရှိသလို၊ UEFA က ချီးမြှင့်ပြီးဖြစ်တဲ့ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင် စာရင်းမှာလည်း ပါဝင်လာခဲ့ခြင်း မရှိခဲ့ပါဘူး။
 
UEFA ကပေးအပ်ချီးမြှင့်ခဲ့တဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ကမ္ဘာ့ဖလားမှာ အသင်းကို ဗိုလ်လုပွဲစဉ်အထိရောက်ရှိအောင် အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့တဲ့ ခရိုအေးရှားကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ်ကရရှိခဲ့တာဖြစ်ပြီး ဆန်ကာတင်ကစားသမား (၃) ဦးမှာတော့ ဆာလက် နဲ့ စီရိုနယ်လ်ဒိုတို့ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
 
စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြကြီး လူးဝစ်အန်းနရစ်ကတော့ လူကာမိုဒရစ်ရဲ့ စွမ်းဆောင်မှုတွေကို ကြိုက်နှစ်သက်ပေမယ့်လည်း ၄င်းရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားကိုတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
 
“ ခရိုအေးရှားအကြောင်းကိုပြောမယ်ဆို ကျွန်တော့်အနေနဲ့ မိုဒရစ် နဲ့ ရာကီတစ်တို့ အကြောင်းကိုပြောရမှာပါ။ သူတို့ ၂ ဦးဟာ ခရိုအေးရှားရဲ့ အဓိက ကစားသမားတွေပါပဲ။ ဒါပေမယ့် ကျွန်တော့်ကို ကမ္ဘာ့ အကောင်းဆုံး ဆုနဲ့ ထိုက်တန်သူပြောပါဆိုရင်တော့ ကျွန်တော်ကတော့ မက်ဆီကိုပဲရွေးမှာပါ။ “ လို့ အန်းနရစ်က ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
ဒါ့အပြင် ၄င်းတို့ စပိန်အသင်း အနေနဲ့ အဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့တာနဲ့ ပတ်သတ်ပြီးတော့လည်း အန်းနရစ်က “ ကျွန်တော်တို့ အင်္ဂလန်လိုအသင်းမျိုးကို အနိုင်ရရှိခဲ့တဲ့အတွက် အရမ်းကိုဝမ်းသာမိပါ တယ်။ ကျွန်တော်ဒီပြိုင်ပွဲကို အရမ်းကို သဘောကျပါတယ်။ ခုဆိုရင် လည်း ကျွန်တော်တို့ ပွဲစဉ်တွေကို ပရိသတ်တွေပိုပြီး စိတ်ဝင်စား လာကြပါပြီ။ ကျွန်တော်တို့လည်း သည်ထက်မက ပိုပြီးကြိုးစားသွားမှာပါ” လို့ ၄င်းက ထပ်မံထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment