မန်ယူအသင်းကို အနိုင်ရတဲ့ ပွဲစဉ်ဟာ ထူးခြားကောင်းမွန်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပြီး အခုလို အောင်မြင်မှုဟာ အသင်းကို တွန်းအားဖြစ်စေတယ်လို့ ကြုံးဝါးလိုက်တဲ့ ပိုချက်တီနို

မန်ယူအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ စပါးအသင်းဟာ အိုးထရက်ဖို့ဒ်မှာ မန်ယူအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အသင်းရဲ့နည်းပြကြီး ပိုချက်တီနိုကတော့ အဆိုပါ နိုင်ပွဲဟာ ထူးခြားတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ကြောင်းနဲ့ အသင်းအတွက်လည်း ရှေ့ဆက်ဖို့ တွန်းအားဖြစ်စေတယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။
 
ပိုချက်တီနိုရဲ့ စပါးအသင်းဟာ အဆိုပါပွဲစဉ်မှာ မန်ယူအသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး အသင်းအတွက် သွင်းဂိုးတွေကိုတော့ ဒုတိယပိုင်း မိနစ် ၅၀ မှာ ဟယ်ရီကိန်း နဲ့ ၅၂ မိနစ် နဲ့ ၈၄ မိနစ်တွေမှာ လူးကပ်မိုရာတို့က အသီးသီး သွင်းယူပေးနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ နည်းပြကြီးကတော့ ယခုနိုင်ပွဲဟာ ထူးခြားတဲ့ နိုင်ပွဲဖြစ်ကြောင်းနဲ့ ပရီးမီးယားလိဂ်ဆုကို စိန်ခေါ်နိုင်ဖို့ အခုလို ကောင်းမွန်တဲ့ အရည်အသွေးကို ဆက်လက် ထိန်းသိမ်းသွားဖို့ လိုအပ်ပါသေးတယ်လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
 
အဆိုပါပွဲအပြီး အင်တာဗျူးမှာ ပိုချက်တီနိုက ”ဒီနိုင်ပွဲဟာ ကျွန်တော်တို့အတွက် တကယ့်ကို ထူးခြားကောင်းမွန်လှတဲ့ နိုင်ပွဲတစ်ပွဲပါ။ ဒါဟာ ကျွန်တော်တို့အသင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက်လည်း အင်အားတွေ ဖြစ်စေပါတယ်။ ဒါပေမယ့် ပွဲကအခုမှ စတာပါ။ ကျွန်တော်တို့ရှေ့မှာ ပွဲတွေအများကြီး ရင်ဆိုင်ရပါဦးမယ်။ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် ဆိုရင်တော့ အခုလို အံ့သြဖွယ်ကောင်းတဲ့ ခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်း ထားဖို့လိုပါဦးမယ်။ လက်ရှိမှာ ကျွန်တော်တို့အသင်းဟာလည်း ချန်ပီယံဆုအတွက် ပြိုင်ပွဲဝင်နေတဲ့အသင်း ၁ သင်းပါ။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ နောက်ပိုင်းမြင်တွေ့ကြရမှာပါ။ ကျွန်တော်တို့ ရာသီပြီးဆုံးခါနီးမှာ နေရာကောင်းမှာ ရပ်တည်နေနိုင်မယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားတယ် ဆိုတာကို ပြသတာပါပဲ။“ လို့ ပိုချက်တီနိုက ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
 
ဒါ့အပြင် ၄င်းရဲ့ကစားသမားတွေကိုလည်း ကျေးဇူးတင်ကြောင်းကို ပိုချက်တီနိုက “ပထမပိုင်းမှာ ကျွန်တော်တို့ အသင်းဟာ သူတို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေခဲ့ရတာပါ။ ဒုတိယပိုင်းရောက်မှ ကျွန်တော်တို့ရရှိလာတဲ့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့တာပါ။ အဲ့အတွက်လည်း ကျွန်တော့်ရဲ့ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ လျင်မြန်ဖျက်လက်ကြပြီး အဝေးကွင်းမှာ ၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီရလဒ်ဟာ နည်းပြအဖွဲ့ဝင်တွေအတွက် ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကစားသမားတွေကိုပဲ ချီးမွန်းခန်းဖွင့်ချင်ပါတယ်” လို့ ပိုချက်တီနိုက ထပ်မံထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
ပိုချက်တီနိုရဲ့စပါးအသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်မှာ မည်သည့် ကစားသမားခေါ်ယူမှုကိုမျှ ပြုလုပ်ထားခြင်း မရှိဘဲ ပြီးခဲ့တဲ့ရာသီက လူစာရင်းအတိုင်းသာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ဆက်လက် ယှဉ်ပြိုင်နေတာဖြစ်ပြီး ၄င်းတို့အသင်းဟာ တောင့်တင်းခိုင်မာ နေဆဲ အသင်းတစ်သင်းဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
 
စပါးအသင်းဟာ ၄င်းတို့ရဲ့ လာမယ့်ပရီးမီးယားလိဂ် ပွဲစဉ်ကိုတော့ လက်ရှိမှာ ပုံစံကောင်းတွေ ပြသနေနိုင်တဲ့ ၀က်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment