အိမ်ကွင်းမှာ တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ မန်ယူ

ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါပွဲစဉ်မှာ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ တိုက်စစ်ဖွင့် ကစားခဲ့ပေမယ့်လည်း ၃ ဂိုးပြတ်နဲ့ စပါးအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။
 
မန်ယူနည်းပြမော်ရင်ဟိုဟာ ဂိုးသမားနေရာမှာပြီးခဲ့တဲ့ ရာသီက ရွှေလက်အိတ်ရယူနိုင်ခဲ့တဲ့ ဒီဂီယာကိုသာထည့်သွင်းအသုံးပြုသွားခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ဖီးလ်ဂျုံး၊လုခ်ရှော၊ စမောလင်းနဲ့ ဗလင်စီယာတို့ကို အသုံးပြုခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ ပေါ့ဂ်ဘာ၊ မာတစ်၊ ဖရက်ဒ် ဟာရဲရားတို့ကို ပါဝင်စေခဲ့ပြီး တိုက်စစ်ပိုင်းကိုတော့ လူကာကူ၊ လင်ဂတ် တို့ကို ဦးဆောင်စေခဲ့ပါတယ်။
 
စပါးအသင်းကတော့ ခံစစ်ပိုင်းမှာ ၄င်းတို့ရဲ့ အဓိကကစားသမား အယ်လ်ဒါဝီရယ် နဲ့ ထရစ်ပီယာတို့ ပါဝင်လာခဲ့ပြီး တိုက်စစ်ပိုင်းကိုတော့ ဟယ်ရီကိန်း ကိုဦးဆောင်စေခဲ့ပါတယ်။
 
ပွဲကစားချိန်စတင်တာနဲ့ တစ်ပြိုင်နက် မန်ယူအသင်းဟာ တိုက်စစ်ဖွင့် ကစားခဲ့ပြီး စပါးအသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။သို့သော် ဂိုးပေါက် ခြိမ်းခြောက်မှု ၈ ကြိမ် အထိပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဂိုးရရှိအောင် စွမ်းဆောင်နိုင် ခဲ့ခြင်းတော့မရှိခဲ့သလို ဂိုးသမားမရှိတဲ့ ဂိုးကို
 
လူကာကူ အပိုင်ကန်သွင်းရာမှာ ဂိုးမဖြစ်စေခဲ့တာကလည်း မန်ယူတို့အတွက် နစ်နာစရာဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းပြီးဆုံးတဲ့ အခါမှာတော့ မန်ယူတို့ဟာ ဘောလုံးအသားစီး၊ ဂိုးပေါက်ခြိမ်းခြောက်မှု အသာစီးရယူကာ စပါးအသင်းကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
 
ဒုတိယပိုင်းမှာလည်း မန်ယူတို့ကသာ ဘောလုံးကို အသာစီး ရယူကစားနိုင်ခဲ့ပြီး စပါးအသင်းဘက်ကို ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေတော့ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပိုချက်တီနိုရဲ့စပါးအသင်းဟာ အဆိုပါ ပွဲစဉ်မှာ တန်ပြန်တိုက်စစ်ကိုသာ အသုံးပြုသွားခဲ့တာတွေ့ရပြီး နောက်တန်း ချို့ယွင်းမှုတွေရှိနေတဲ့ မန်ယူအသင်းကို ကိန်း၊ ဒေလီအလီ၊ လူးကပ်မိုရာတို့ရဲ့တွဲလုံးတွေက အလုပ်ရှုပ်စေခဲ့ပါတယ်။ ပွဲကစာချိန် မိနစ် ၅၀ မှာတော့ စပါးတို့ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပထမဆုံးအကြိမ်ရရှိလာတဲ့ ဒေါင့်ကန်ဘောကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးပေးပြီးရပြီးနောက်ပိုင်းမှာလည်း မန်ယူအသင်းဟာ ဘောလုံးကို အသာစီးကိုင် ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အမှားများနေခဲ့ ရပါတယ်။ ပွဲကစားချိန် ၅၂ မိနစ်မှာတော့ စပါးတို့ ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ အဲရစ်ဆင်ရဲ့ ပေးပို့မှုကို လူးကပ်စ်မိုရာက အပိုင် အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
 
ဦးဆောင်ဂိုး ၂ ဂိုး ပေးပြီးနောက်ပိုင်းမှာတော့ နည်းပြမော်ရင်ဟိုဟာ ပရိသတ်တွေမြင်စေချင်နေကြတဲ့အတိုင်း ဆန်းချက်ဇ်ကို ဟာရဲယားနဲ့လူစားလဲပြီးတိုက်စစ်မြှင့်ခဲ့သလို အမှားများနေခဲ့တဲ့ ဖီးလ်ဂျုံးနေရာကိုလည်း လင်ဒီလော့ဖ်ကို ၀င်ရောက်ကစားစေခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်ကို ပိုမိုလိုက်ပါနိုင်အောင်လည်း ဖယ်လိုင်နီကို ထပ်မံထည့်သွင်းကစားစေခဲ့ပါတယ်။ သို့သော် မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ် ရဲ့ကန်ချက်ဟာ တိကျသေသပ်မှုမရှိခဲ့သလို၊ ဖရက်ဒ်၊ ကန်သွင်းချက်ဟာလည်း ဂိုးဘားတန်းပေးသာကျော်တက်နေခဲ့ပြီး လူကာကူဟာလည်း ကွင်းလယ်ကပေးပို့လာတဲ့ ဘောလုံးတွေကို ထိမ်းသိမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။ လင်ဒီလော့ဖ် ရဲ့ အမှားမှ တစ်ဆင့် အလီအပိုင်ကန်သွင်းယူခဲ့ပေမယ့် ဒီဂီယာ လက်စွမ်းပြကာကွယ် သွားနိုင်ခဲ့တာကြောင့် စပါးတို့ နောက်ထပ်ဦးဆောင်ဂိုး ၁ ဂိုးဆုံးရှုံး ခဲ့ရပါတယ်။ သို့သော် ပွဲကစားချိန် ၈၄ မိနစ်မှာတော့ စပါးတို့ ၄င်းတို့ရဲ့ အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဒုတိယ ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ သွင်းဂိုးရှင်လူးကပ်စ်မိုရာ ကပဲ အပိုင်ကန် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ စပါးနည်းပြပိုချက်တီနိုဟာ နောက်တန်းကို အင်အားထပ်ဖြည့်ခဲ့ပြီး ခံစစ်ကို ကစားသွားခဲ့ပြီး မန်ယူအသင်းဟာလည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခဲ့ခြင်းမရှိတော့တာကြောင့် ပွဲကစားချိန် ပြီးဆုံးတဲ့အခါမှာတော့ မန်ယူတို့ဟာ စပါးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
 
အဆိုပါ အိမ်ကွင်းပွဲစဉ် ရှုံးနိမ့်မှုဟာ မော်ရင်ဟိုရဲ့ နည်းပြသက်တမ်း ၁၈ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး အိမ်ကွင်းရှုံးပွဲ တစ်ပွဲဖြစ်ခဲ့ရပြီး အဆိုပါနည်းပြဟာ ယခုပွဲမတိုင်ခင်က ယခုလို ဆိုးရွားတဲ့ ၃ ဂိုးပြတ်နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ထားခြင်းမရှိတာလည်းဖြစ်ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment