Myanmar Idol Season 1 Winner ဆုရှင် စောလားထော်ဝါး၏ ဒုတိယမြောက် အယ်လ်ဘမ် နိုဝင်ဘာလတွင် ထွက်နိုင်အောင် ကြိုးစားနေ

Myanmar Idol Season 1 Winner ဆုရှင် စောလားထော်ဝါး၏ ဒုတိယမြောက် အယ်လ်ဘမ်ကို လာမည့် နိုဝင်ဘာလအတွင်း ထွက်ရှိနိုင် အောင် ကြိုးပမ်းနေကြောင်း စောလားထော်ဝါးက The Ladies သို့ ပြောသည်။
 
“ကျွန်တော်က လုပ်တာကြာပြီ။ စက်တင်ဘာလဆို ကျွန်တော် အကုန်အပြီးထွက်မယ်လို့ စီစဉ်ထားတယ်။ ဒါပေမယ့် ကြားထဲမှာ နေမကောင်းတာလည်းပါတယ်၊ အခုက အတီးအားလုံးပြီးပြီ။ အဆိုပိုင်းပဲ ကျန်တယ်ဆိုတော့ အကုန်လုံး မပြီးသေးဘူး။ ပြီးရင် Mixing ဆွဲရဦးမယ်။ အခွေကာဗာတွေလည်း ရိုက်ရဦးမယ်ဆိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့ ကျွန်တော့်မွေးနေ့ မမီလောက်တော့ဘူး။ အောက်တိုဘာ၊ နိုဝင်ဘာလောက်ထဲမှာမှ ထွက်ဖြစ်မယ်” ဟု စောလားထော်ဝါးက ပြောကြားခဲ့သည်။
 
အဆိုပါ ဒုတိယမြောက်အယ်လ်ဘမ်တွင် တေးရေးများအဖြစ် စောနဲတာ၊ ရွှေဂျော်ဂျော်၊ စောခူဆဲ၊ ရဲလေး အစရှိသည့် တေးရေးဆရာများက ရေးသားပေးထားသည့် တေးသီချင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 
လတ်တလော အနုပညာလှုပ်ရှားမှုများ အနေဖြင့် ဒုတိယအခွေ ထွက်ရှိနိုင်ရန်အတွက်သာ လုပ်ဆောင်နေကြောင်းလည်း ၎င်းကပြောသည်။
 
“လောလောဆယ်တော့ ကြော်ငြာရိုက်တာတော့ မရှိသေးဘူး။ မိုးတွင်းပိုင်းဆိုတော့ အပြင် သိပ်မသွားဖြစ်ဘူးဆိုတော့၊ ကျွန်တော် သင်္ကြန်အပြီးမှာ ဒုတိယအခွေကို လုပ်မယ်လို့ စီစဉ်ထားတဲ့အတိုင်းပဲ ဧပြီသင်္ကြန်အပြီးမှာ ကျွန်တော် ဒုတိယအခွေကို စလုပ်နေပြီ။ အခုဟာ အတီးပိုင်းတော့ပြီးပြီ၊ အဆိုပိုင်းပဲကျန်တယ်” ဟု စောလားထော်ဝါးက ပြောသည်။
 
Myanmar Idol Season 1 Winner ဆုရှင် စောလားထော်ဝါးသည် Myanmar Idol ပြိုင်ပွဲအပြီး ၂၀၁၆ စက်တင်ဘာ ၁၁ ရက်နေ့ ၎င်း၏မွေးနေ့တွင် “မင်းသိနိုင်မလား” အမည်ပေးထားသည့် ပထမဆုံး အယ်လ်ဘမ် ထွက်ရှိထားပြီး ဖြစ်သည်။ ဒုတိယမြောက် အယ်လ်ဘမ်တွင် Rock သီချင်းတစ်ပုဒ်ပါဝင်မည်ဖြစ်ပြီး Jazz ၊ SlowRock အစရှိသည့် သီချင်းအမျိုးအစားများ ပါဝင်မည်ဖြစ်သည်။
 
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် August လကစတင်ခဲ့သည့် Myanmar Idol ပြိုင်ပွဲတွင် မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ မန္တလေးနှင့် ရန်ကုန် စသည့် မြို့ကြီးများတွင် လူရွေးချယ်ပွဲအဆင့်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီး ၀ါသနာရှင် အဆိုရှင် ၈၀၀၀ ကျော်အတွင်းမှ စောလားထော်ဝါးသည် Myanmar Idol Season 1 Winner ဆုကို ရရှိခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment