ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ Ballon d’Or ဆုအတွက် ရေပန်းစားမှုအဆင့် လျော့ကျခဲ့ရတဲ့ မက်ဆီ

ဘာစီလိုနာ စတား လီယွန်နယ်မက်ဆီဟာ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ဘဲ အသင်းနဲ့အတူ ရုန်းကန်ခဲ့ရတာကြောင့် ယခုထပ်မံထုတ်ပြန်လိုက်တဲ့ Ballon d’Or ဆုအတွက် ရေပန်းအစားဆုံး စာရင်းမှာ အဆင့်လျော့ကျခဲ့တယ်လို့ FC Barcelona သတင်းက အခိုင်အမာ ဖော်ပြထားပါတယ်။
 
အဆိုပါ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး လာလီဂါ ဖလားနဲ့ ကိုပါဒယ်ရေး ဆုဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားမတိုင်ခင်က ထုတ်ပြန်ကြေငြာခဲ့တဲ့ Ballon d’Or စာရင်းမှာ စီရိုနယ်လ်ဒို၊ မိုဟာမက်ဆာလက်ရှ် တို့နောက် အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့သော်လည်း ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို ၁၆ သင်းရှုံးထွက်အဆင့်ထိသာ ခေါ်ဆောင်နိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားမှု အဆင့် ၄ နေရာ အထိ ကျဆင်းသွားခဲ့ရတာလည်း ဖြစ်ပါတယ်။
 
လက်ရှိ Ballon d’Or ဆုအတွက် ထုတ်ပြန်ကြေငြာချက်မှာတော့ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒိုက ရေပန်းအစားဆုံး စာရင်းရဲ့ ထိပ်ဆုံး အဆင့် (၁) နေရာမှာ ဦးဆောင်နေဆဲဖြစ်ပြီး ၄င်းဟာ ကလပ်အသင်းကို ချန်ပီယံလိဂ်ဖလားကြီးကို ၃ နှစ်ဆက် ရယူပေးရာမှာ အဓိကနေရာက ပါဝင်နေရုံမကပဲ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေမှာလည်း အသင်းအတွက် အကောင်းဆုံးကြိုးစားရန်းကန်ခဲ့ပြီး ၄င်းရဲ့ ဂိုးတွေနဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို ရောက်စေခဲ့တာကြောင့် အခုလို ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်း အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နေနိုင်တာလည်း ဖြစ်ပါတယ်။ ၄င်းနောက်မှာတော့ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက် ကိုင်မြှောက်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးကစားသမား ဆုကို ပူပူနွေးနွေး ဆွတ်ခူးထားနိုင်တဲ့ ခရိုအေးရှား ကွင်းလယ်လူ လူကာမိုဒရစ်က ရပ်တည်နေပြီး တတိယနေရာမှာတော့ ကမ္ဘာ့ဖလားမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းကိုလည်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး လူငယ်ကစားသမား ဆုရှင် ကီလီယန် အမ်ဘတ်ပီက ရပ်တည်ထားနိုင်တာလည်း ဖြစ်ပါတယ်။
 
သို့သော်လည်း အဆိုပါဆုကို နောက်ရာသီပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှသာ ချီးမြှင့်မှာဖြစ်တာကြောင့် မက်ဆီအနေနဲ့ လာမယ့်ရာသီမှာ အသင်းအတွက် ခြေစွမ်းပြသပြီး အဆင့် ၃ နေရာကို ပြန်လည်တက်လှမ်းလာဖို့ အခွင့်အရေး ရှိနေပါသေးတယ်။
 
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု Ballon d’Or ဆုဟာ ကလပ်အသင်းမှာသာက ကမ္ဘာ့ဖလားမှာပါ ခြေစွမ်းပြပြီး အသင်းအတွက် အကျိုးပြုနိုင်သူတွေကို ရွေးချယ်ချီးမြှင့်လေ့ရှိတဲ့ ဥရောပရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတစ်ဆုလည်း ဖြစ်ပြီး ဆယ်စုနှစ်တစ်စု အတွင်းမှာတော့ ပေါ်တူဂီိတိုက်စစ်မှူး စီရိုနယ်လ်ဒိုနဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီတို့က ၅ ကြိမ်စီ အသီးသီးဆွတ်ခူးထားနိုင်ကြပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment