အင်္ဂလန်အသင်းကို ချီးကျူးမှု ပြုလုပ်သွားခဲ့တဲ့ ခရိုအေးရှား တိုက်စစ်မှူးခရာမာရစ်

ခရိုအေးရှား လက်ရွေးစင် အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး အန်ဒရက်ခ်ျ ခရာမာရစ်ဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်ခင်မှာ နည်ပြကြီး ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါ ခရိုအေးရှားတိုက်စစ်မှူးက အင်္ဂလန်အသင်းမှာ ကမ္ဘာကျော် သရုပ်ဆောင်တွေလိုမျိုး နာမည်ကြီး ကစားသမားတွေပါဝင်ခြင်းမရှိခြင်းဟာ အသင်းရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရ ကောင်းမွန်ကြောင်း ချီးကျူးသွားခဲ့တာလည်း ဖြစ်ပါတယ်။
 
ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ဟာ လာမယ့် ကြသပတေးနေ့ မနက်ပိုင်းမှာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကြရတော့မှာဖြစ်ပြီး ခရာမာရစ်ဟာ အဆိုပါ ပွဲစဉ်အတွက် အကြို သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အင်္ဂလန်အသင်းကို အခုလို ချီးကျူးဂုဏ်ပြုမှုတွေ ပြုလုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။
 
”အင်္ဂလန်အသင်းဟာ ကျွန်တော့်ရဲ့ အကြိုက်ဆုံးအသင်းတစ်သင်းပါ။ သူတို့ဟာ ငယ်ရွယ်လျင်မြန်ပြီး အရည် အချင်းရှိတဲ့ ကစားသမားကောင်းတွေနဲ့ စုစည်းထားပြီး ကမ္ဘာကျော် သရုပ်ဆောင်တွေလို နာမည်ကြီး ကစားသမား မျိုးလည်း ပါဝင်နေခြင်းမရှိလို့ပါဘဲ “ လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
 
ဒါ့အပြင် ပရီးမီးယားလိဂ် လက်စတာအသင်းမှာ ၄င်းနဲ့တူ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အသင်းဖော် ဂျေမီဗာဒီကိုလည်း ချီးကျူးသွားခဲ့ပြီး ၄င်းနဲ့ပတ်သက်ပြီးလည်း “ဗာဒီဟာ အလွန်အရည်အချင်းရှိတဲ့ ကစားသမားကောင်း တစ်ဦးပါ။ လက်စတာစီးတီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ ရာသီက သူက ကျွန်တော်နဲ့အတူ တိုက်ပွဲဝင်ခဲ့သူပါ။ ကျွန်တော်သူ့ကို အမြဲတမ်း မှတ်မှတ်ရရရှိနေမှာပါ“ လို့ ထပ်မံထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
 
ခရာမာရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ် ၅ ပွဲစလုံးမှာ ခရိုအေးရှားအသင်းအတွက် ပါဝင်ကစားခွင့် ရရှိထားသူလည်း ဖြစ်ပြီး ၄င်းရဲ့ တွဲဖက် ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး မန်ဇူကစ်ကတော့ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ လက်စွမ်းကို သတိထားရမယ်လို့ ဖွင့်ဟပြောကြားထားပါတယ်။
 
မန်ဇူကစ်က “ပစ်ဖို့ဒ်ဟာ တကယ်ကို အံ့သြဖွယ်ကောင်းအောင် စွမ်းဆောင်ပြနိုင်နေသူပါ။ ဒါပေမယ့် ကျွန်တော်တို့ ထဲက တစ်ဦးဦးကတော့ သူ့ကို ပြန်လည်အံ့အားသင့်စေမှာပါ။ ကျွန်တော် (သို့) ခရာမာရစ်ပေါ့ “ လို့ မန်ဇူကစ်က ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment