ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်ယာဉ်နှစ်စီးပေါ်မှ တရားမ၀င်သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့်သစ်များ ဖမ်းမိ

 

စဥ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်(၄၆/၅-၆)ကြား၌ ဇူလိုင် ၂ ရက်က ယာဉ် နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ရာလူသုံးဦးသေဆုံးခဲ့ပြီး တရားမ၀င်သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့်သစ်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

စဥ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်(၄၆/၅-၆)ကြား၌ မိုးကုတ်မှ မန္တလေးသို့ နိုင်ဝင်းထွန်း(၂၈)နှစ် မောင်းနှင်ပြီး လှိုင်မင်းသန့်(၃၀)နှစ် ပါ ခရီးသည် ၁၁ ဦး(ကျား ၁၀၊ မ ၁)လိုက်ပါလာသည့် 8J/xxxx Super Custom ဖားကန့်-မန္တလေး ခရီးသည်တင်ယာဉ်သည် လားရာတူလမ်းယာဘက်ခြမ်းတွင် ရပ်ထားသော သရီးကရောင်းယာဉ်(စိစစ်ဆဲ) (တရားမဝင် သစ်ခွဲသား များတင်ဆောင်လျက်)၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် နိုင်ဝင်းထွန်းပါ ကျား ၃ ဦးတွင် ဦးခေါင်း၊ မျက်ခုံး၊ မေးစေ့ ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး သန့်ဇင်ဝင်း(စိစစ်ဆဲ)တွင် ဦးခေါင်းထိပ်၊ နှာခေါင်း၊ မေးစေ့ပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)နှင့် လှိုင်မင်းသန့်ပါ ၂ ဦး(ကျား ၁၊ မ ၁)တွင် ဝဲ/ယာပုခုံး၊ နောက်ကျော၊ ပေါင် ပွန်းပဲ့နာကျင်ဒဏ်ရာများ (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် စဥ့်ကူးဆေးရုံသို့ပို့ဆောင်ကာ သန့်ဇင်ဝင်းအား မန္တလေးဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ကုသခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းနောက် နိုင်ဝင်းထွန်း(သေဆုံး)အား လက်ပန်လှရဲကင်းစခန်း ယာဉ်(ပ)၃၄/ ၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန် နာကျင်စေမှု)ဖြင့်လည်းကောင်း၊ ၎င်းမောင်းနှင်သည့် 8J/xxxx ယာဉ်ပေါ်မှ ကျောက်စိမ်း ၃၆ တုံး၊ ကျောက်စိမ်းအပိုင်းအစ ၁၅၀ ခုထည့်ထားသည့် ပလပ်စတစ်ဘူး ၁ ဘူး၊ စုစုပေါင်းအလေးချိန် ၄၃ ပိဿာ ၇၅ ကျပ်သား(တန်ဖိုး-စိစစ်ဆဲ)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် လက်ပံလှရဲကင်းစခန်း (ပ)၁၄၅/၂၀၁၈၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူ  သရီးကရောင်း ယာဉ်ပေါ်မှ ကျွန်းခွဲသား ၃.၁၃၇၄ တန်၊ ပျဉ်းကတိုးခွဲသား ၂.၅၆၄၀ တန်၊ အင်ကြင်းခွဲသား ၁.၃၃၄၀ တန် စုစုပေါင်း ၇.၀၃၅၄ တန်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိသဖြင့် တရားခံ(စိစစ်ဆဲ)အား လက်ပံလှ ရဲကင်းစခန်း (ပ)၁၄၇/၂၀၁၈၊ ပပက ၆(၁)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

Vote: 
No votes yet

Add new comment