ကျူးကျော်အဆောက်အအုံများနှင့် စည်းကမ်းမဲ့ရောင်းချနေသော လမ်းဘေးဈေးသည်များအား စည်ပင်သာယာရေး ဥပဒေအရ အရေးယူ

တရားဝင်ပိုင်ဆိုင်ထားသည့် မြေကွက်အတိုင်းအတာ နယ်နိမိတ်အတွင်းတင် မဟုတ်ဘဲ အဆောက်အအုံများ ကျူးကျော် တည်ဆောက်ထားခြင်း၊ ခြံစည်းရိုး ကာရံထားခြင်းများကို ရှင်းလင်းဖယ်ရှားလျှက် ရှိကြောင်းနှင့် လိုက်နာမှု မရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈ နှင့် ၆၉ အရ တရားစွဲဆိုအရေးယူလျှက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုးက မေလ ၅ ရက်တွင် ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဦးရန်ရှင်း၏ စနစ်တကျ ဈေးရောင်းချနိုင်ရန် ခေတ်မီနှစ်ထပ်ဈေး အဆောက်အအုံများ တည်ဆောက် နေရာချထားပေးပါရန်၊ ပြောင်းရွှေ့ရောင်းချမှုမရှိဘဲ လမ်းဘေးတွင် ဆက်လက် ရောင်းချ နေမှုများကြောင့် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်ခြင်း၊ လမ်းအသွားအလာများ အနှောင့်အယှက်ဖြစ်ရခြင်းများအား ပညာပေးခြင်း၊ ထိရောက်စွာ တားမြစ် အရေးယူ ဆောင်ရွက်သွားခြင်းများ ပြုလုပ်သွားရန် အစီအစဉ် ရှိ/မရှိနှင့်တရားဝင် ပိုင်ဆိုင်သည့် မြေကွက် အတိုင်းအတာ နယ်နိမိတ်ထက် ပိုမိုကျော်လွန်၍လမ်းနယ်နိမိတ် သတ်မှတ်နေရာပေါ်တွင် အဆောက်အဦများ ကျူးကျော် တည်ဆောက်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းများအား မည်သို့ထိရောက်စွာ အရေးယူဆောင်ရွက် နေကြောင်း မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
 
“စနစ်တကျ ဈေးရောင်းချနိုင်မှုအတွက် ခေတ်မီနှစ်ထပ်ဈေး အဆောက်အအုံတွေ တည်ဆောက် ပေးထားပါလျှက်နဲ့ ပြောင်းရွှေ့ရောင်းချမှု မရှိဘဲ လမ်းဘေးမှာ ဆက်လက်ရောင်းချခြင်း၊ လမ်းသွားလမ်းလာနဲ့ ယာဉ်အသွားအလာတွေ အနှောင့်အယှက် ဖြစ်ခြင်းတို့ကို ပညာပေးတာ ထိရောက်စွာ အရေးယူ ဆောင်ရွက်တာတွေကို ပြုလုပ်လျှက် ရှိပါတယ်။ စည်ပင်သာယာရေး ကော်မတီရဲ့ နယ်နိမိတ်အတွင်းမှာလည်း လမ်းပေါ်မှာရောင်းချတဲ့ ပျံကျ ဈေးသည်တွေကို ဈေးအတွင်းဝင်ရောက်နိုင်ဖို့၊ မူလဈေးဟောင်းကိုပြုပြင်ပြီး နှစ်ထပ်ဈေးတွေ ပြန်လည် တည်ဆောက်မှုတွေ လုပ်ခဲ့ပါတယ်။ တရားဝင်ပိုင်ဆိုင်ထားတဲ့ မြေကွက်အတိုင်းအတာ နယ်နိမိတ်အတွင်းတင် မဟုတ်ဘဲ လမ်းနယ်နိမိတ်အတွင်းပါ အဆောက်အအုံတွေ ကျူးကျော် တည်ဆောက်ထားတာ၊ ခြံစည်းရိုး ကာရံထားတာတွေကို ဆောင်ရွက်ရင် ရှင်းလင်းဖယ်ရှားလျှက် ရှိပါကြောင်းနဲ့ လိုက်နာမှုမရှိရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၈ နဲ့ ၆၉ အရ တရားစွဲဆိုအရေးယူလျှက် ရှိပါတယ်”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
 
မရမ်းကုန်းမြို့နယ်တွင် လမ်းနယ်နိမိတ်အတွင်းတွင် ကျူးကျော်ထားသည့် အဆောက်အအုံများ ရှင်းလင်း ဖယ်ရှားရာတွင် ကျန်စစ်သားလမ်းတွင် ၈၆ ခု၊ အလောင်းဘုရားလမ်းတွင် ၈၅ ခု၊ မင်းရဲကျော်စွာလမ်းတွင် ၃၅ ခုနှင့် ဗိုလ်ချုပ်လမ်းတွင် ၁၈ ခု ရှင်းလင်းဖယ်ရှားခဲ့ကြောင်း မြို့တော်ဝန်က ပြောသည်။
 
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း လမ်းဘေးဈေးသည်များအား ပညာပေးခြင်း (၁၂၆၁၇)ဦး၊ တရားစွဲဆိုခြင်းများ ဆောင်ရွက်ခဲ့ရာ အမှုပေါင်း (၂၉၀၉)မှု၊ ဒဏ်ငွေ ကျပ် ၃၉၃၅၇၀၀၀ တပ်ရိုက် အရေးယူဆောင်ရွက်ခဲ့ ကြောင်းလည်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment