ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် ပိတောက်ဓားရွေတုံးများ ဖမ်းမိ

ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် ဇွန် ၂ ရက်က ပူးပေါင်းစစ်ဆေးရေးအဖွဲ့အနေဖြင့် စစ်ဆေးမှုများ ဆောင်ရွက်စဉ် ကင်တာမော်တော် ယာဉ်တစ်စီးနှင့် ခရီးသည် တင်မော်တော်ယာဉ်တစ်စီးတို့ကို စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပိတောက်ဓားရွေ ၅၄ တုံး (၂ ဒသမ ၄၃၆၈တန်)၊ တမလန်းဓားရွေ ၁၅ တုံး (ဝ ဒသမ ၃၄၅၂ တန်) နှင့် ပစ္စည်းသယ်ဆောင် သည့်ယာဉ် နှစ်စီး စုစုပေါင်းခန့်မှန်း တန်ဖိုး ငွေကျပ် ၅၈ ဒသမ ၃၄၆ သန်းခန့်အား တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 
ဇွန် ၂ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု လေးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈ ဒသမ ၃၄၆ သန်းခန့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှုနှစ်မှု ခန့်မှန်း တန်ဖိုးငွေကျပ် ဝ ဒသမ ၂၆၁ သန်းခန့် စုစုပေါင်း တားဆီးမှု ခြောက်မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈ ဒသမ ၆ဝ၇ သန်း ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
 
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ရေပူနှင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များဖြင့်၂ဝ၁၇ ခုနှစ် မတ် ၁ ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဇွန် ၂ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၁၂၇ စီး၊ သွင်းကုန် ၉၅၈ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၅၅ စီး၊ သွင်းကုန် ၁၆၆ စီး ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment