NCA ကို အကာအကွယ်ယူပြီး RCSS က TNLA ကို ထိုးစစ်ဆင်နေသည်ဟု ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် SSPP ဝေဖန်

NCA တွင် လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ RCSS က NCA ကို အကာကွယ်ယူပြီး ထိုးစစ်ဆင်နေခြင်းကြောင့် ဖြစ်သည်ဟု ဝေဖန်သုံးသပ်ထားသည့် ကြေညာချက် တစ်စောင်ကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မတ်လ ၁၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
 
အဆိုပါ သုံးသပ်ဝေဖန်ချက်ကို RCCS က လက်မခံပေ၊ RCSS ၏ တောင်းကြီးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီးစိုင်းဦးက NCA သည် တိုက်ပွဲများ ဖေါ်ဆောင်ရန်အတွက်မဟုတ်ဘဲ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းဖြင့် သွားရန် လှေခါးထစ် တစ်ခုသာဖြစ်သည်ဟု The Ladies News သို့ပြောကြားသည်။
 
SSPP ၏ ထုတ်ပြန်ချက်တွင် RCSS နှင့် TNLA ကို တိုက်ပွဲဖြစ်ပွားရခြင်းမှာ ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးခြင်းကို အကာအကွယ်ယူပြီး ရှမ်းပြည်တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထိုးစစ်ဆင် ၀င်ရောက်လှုပ်ရှားလာသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့များ၏ လုပ်ရပ်များကြောင့် ဟု ဖေါ်ပြထားသည်။
 
ထို့သို့စွပ်စွဲခြင်းကို RCSS မှ ဗိုလ်မှူးကြီးစိုင်းဦးက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်သည် “သူတို့ ထုတ်ပြန်ချက်က NCA ကို အကြောင်းပြုပြီးတော့ TNLA နယ်မြေကို ကျွန်တော်တို့က ၀င်တဲ့သဘောမျိုး၊ သူတို့ အဲဒီလိုရေးထားတယ်။ အမှန်ဆိုရင် NCA က ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ သွားဖို့ NCA လှေခါးထစ်တစ်ခု။ တိုက်ပွဲတွေဖြစ်ဖို့ မဟုတ်ဘူး” ဟု ပြောကြားသည်။
 
TNLA နှင့် SSPP သည် NCA ကို လက်မခံသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များဖြစ်ပြီး ငြိမ်းချမ်းရေးကို
NCA ကို မဟုတ်သည့် သီးခြားလမ်းကြောင်းဖြင့် ဆွေးနွေးမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များလည်း ဖြစ်သည်။
 
TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်ကတော့ SSPP ၏ ထုတ်ပြန်ချက်နှင့် မည်သည့် မှတ်ချက်မျှ မပေးလိုကြောင်း၊ သို့သော် NCA တွင် လက်မှတ်ရေးမှတ်ထိုးပြီး နောက်ပိုင်းတွင် RCSS သည် ၄င်းတို့ဒေသသို့ ရောက်ရှိလာကာ တိုက်ပွဲများဖြစ်ပွားသည်ဟု ဆိုသည်။
 
RCSS နှင့် TNLA တို့သည် နယ်မြေအငြင်းပွားမှုကို အကြောင်းပြုပြီး ၂၀၁၅ နှစ်ကုန်ပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိအချိန်တွင်လည်း နမ့်ဆန်၊ ကျောက်မဲနှင့် နမ္မတူမြို့နယ်များတွင် တိုက်ပွားများ ဖြစ်ပွားနေပြီး တိုက်ပွဲဧရိယာအတွင်းမှ ရာနှင့်ချီသော ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
 
`ဘယ်သူက စတိုက်တယ်ဆိုတာ သူတို့က အသိဆုံးပါ။ အခုလက်ရှိ နောက်ပိုင်းမှာလည်း သူတို့စတိုက်လာလို့ ကျွန်တော်တို့ ခုခံကာကွယ်တဲ့ အနေနဲ့ ပြန်ပြီးတုံ့ ပြန်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့က အရင် စတိုက်တာ မဟုတ်ပါဘူး” ဟု RCSS မှ ဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။
 
RCSS နှင့် TNLA တို့သည် တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် ဇန်န၀ါရီလ နှောင်းပိုင်းက တရုတ်- မြန်မာ နယ်စပ်တစ်နေရာတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် သဘောတူညီချက်မျှ မရရှိခဲ့ပေ။ လက်ရှိအချိန်တွင်လည်း နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးရန် လိုလားသည်ဟုသာ ပြောဆိုနေပြီး တွေ့ဆုံဆွေးနွေးရေးကိုမူ အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးပေ။
 
SSPP ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး RCSS ဘက်မှလည်း ထုတ်ပြန်ချက် ထုတ်ပြန်၍ သော်လည်းကောင်း တစ်နည်းနည်းဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။
 
သည့်အပြင် SSPP နှင့် RCSS သည် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) အဖွဲ့ဝင်များလည်း ဖြစ်သည်။ ထို့ကြောင့် CSSU အဖွဲ့ဝင်လည်းဖြစ် နှစ်ဖက်စလုံးနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးများ ရှိသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) သို့ ဆက်သွယ်မေးမြန်းသည့်အခါ ပြောရေးဆိုခွင့်ရှိသူက လတ်တလောတွင် မည်သည့်မှတ်ချက်မျှ မပေးလိုသေးကြောင်း The Ladies News သို့ပြောကြားသည်။
 
ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီးလည်း The Ladies News မှ SSPP ပြောရေးဆိုခွင့် ထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment